Tuesday, February 26, 2019

မမှန်မကန် ငွေဖြတ်တောက်နေသော ဆက်သွယ်ရေးအော်ပရေတာများကို အမြန်အရေးယူရန် လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်သုံးစွဲနေသည့် ပြည်သူများထံမှ မမှန်မကန် ငွေဖြတ်တောက်နေသော ဆက်သွယ်ရေးအော်ပရေတာများကို ဝန်ကြီးဌာနအနေနှင့် ဖိဖိစီးစီးဖြင့် အမြန်အရေးယူဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ညွှန်ကြားလိုက်သည်။ 
“အခုက မလျော်မကန် ဖြတ်တောက်မှုတွေဟာ ဖြစ်ပေါ်နေပြီဆိုတာ ပေါ်ပေါက်နေပါတယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးဌာနအနေနဲ့ ဒါကို ဘယ်လို ဖိဖိစီးစီး အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းကိုလည်း ဝန်ကြီးဌာနအနေနဲ့ အလျင်အမြန်ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ဆက်သွယ်ရေးသုံးစွဲနေသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေး ဥပဒေ၊နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ဝန်ကြီးဌာနတို့၏ ဖြေကြားချက်အပြီးတွင် ဥက္ကဋ္ဌက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ 

အဆိုပါကိစ္စသည် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အကြောင်း အရာဖြစ်သကဲ့သို့ မှန်မှန်ကန်ကန် ဖြစ်လာပါက အကျိုးရှိစေသည့် အကြောင်းအရာဖြစ်သောမေးခွန်းဖြစ်သောကြောင့် လွှတ်တော်နည်းဥပဒေ ၁၅၀ အရ မေးခွန်းနှင့် ဖြေကြားချက်များကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းခြင်း၊ နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းခြင်းများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

“တစ်နိုင်ငံလုံးက အင်တာနက်ဝန်ဆောင်မှု၊ ဖုန်းဝန်ဆောင်မှု သုံးနေတဲ့သူတွေက မလျော်မကန် ဖြတ်တောက်ခြင်းခံနေရတယ်။ စားသုံးသူ ဘယ်လိုလုပ်နားလည်မလဲ။ ကျွန်တော်တို့နိုင်ငံက ပညာ၊ အသိဉာဏ် နည်းပါးသူတွေ ဒီ အင်္ဂလိပ်လိုပြောလို့ နားလည်မလဲ။ အခု ကျွန်တော်တို့ကိုယ်တိုင်လည်း မယူပါဘူး။ မယူဘဲဖြတ် တောက်ထားတဲ့ကိစ္စ ကျွန်တော်ဆိုရင် ၆ မျိုး၊ ၇ မျိုး အပတ်စဉ် အဖြတ်ခံရတယ်။ မနေ့က အထိကို ဖြတ်တုန်း။ ဖြတ်တိုင်း ကွန်ပလိမ်း တက်တုန်း၊ ကွန်ပလိမ်းတက်တိုင်း မှားတယ်ဆိုပြီး ပြန်ပေးရင်း။ ဒါ စနစ်တကျ ဖြတ်တောက်နေတယ်လို့ ခံစားရပါတယ်” ဟု ဒေါက်တာဦးလှမိုးက လွှတ်တော်သို့ တင်ပြပြောကြားသည်။ 

မိုဘိုင်းလ်ဖုန်းများကို သုံးစွဲသူမှ ကြိုတင်ငွေဖြည့်၍ သုံးစွဲနေရခြင်းကို အသိမပေးဘဲ ဖြတ်တော်နေခြင်းသည် ခိုးယူခြင်းဖြစ်ပြီး ပြည်သူ့ငွေကြေးကို ယင်းသို့ ပြုလုပ်ခြင်းသည် ဆက်သွယ်ရေးဥပဒေ ၆၆ (ဂ) နှင့် ငြိစွန်းနေသောကြောင့် နစ်နာသည့် ပြည်သူ့ကိုယ်စားဝန်ကြီးဌာနမှ တရားစွဲဆို ပေးရမည်ဖြစ်ကြောင်းနှင့် ဆုံးရှုံးသွားသည့် ဘဏ္ဍာငွေများကို ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးတို့တွင် သုံးရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း ၎င်းက ထပ်လောင်းတင်ပြ ပြောကြားသည်။ 

“ကျွန်တော်တို့ မသိဘဲနဲ့ ကျွန်တော်တို့က ကွန်ပလိမ်းတက်မှ ပြန်ပေးတာဟာ ခိုးမှု လက်ပူးလက်ကြပ်မိမှ ပြန်ပေးတာဟာ ခိုးတာက ခိုးတာပါပဲ။ သုံးစွဲသူများက ကြိုတင်ငွေကို ဒီသက်ဆိုင်ရာ တယ်လီကွန်းကို ယုံကြည်လို့ ဖြည့်ပေးလိုက်တာ။ ဒီငွေကြေးကို ကျွန်တော်တို့မသိဘဲ ဖြတ်တောက်ခြင်းဟာ အလွဲသုံးစားမှု မြောက်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ယင်းကဲ့သို့ ဖြတ်တောက်နေခြင်းသည် အမှန်တကယ် ဖြစ်ပေါ်နေခြင်းဖြစ်နေသောကြောင့် အရေးယူခြင်းများ ဒဏ်ရိုက်ခြင်းများ လုပ်ဆောင်နေရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက ဖြေရှင်းပြောကြားသည်။ 

“ကျွန်တော်တို့အနေနဲ့ အရေးယူတာတွေ၊ ဒဏ်ရိုက်တာတွေ လုပ်ခဲ့ရပါတယ်။ တချို့ကိစ္စတွေမှာ ဒီလိုမျိုး မှားယွင်းဖြတ်တောက်တာတွေ၊ စက်ကြောင့်ပဲ မှားမှား၊ ဘာကြောင့်ပဲမှားမှား ခံရတာက ပြည်သူ လူထုပါ။ သုံးစွဲသူတွေက ခံရပါတယ်။ အဲ့လိုကိစ္စမျိုးတွေမှာ ပြန်လျော်ခဲ့ရဖူးတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

လတ်တလောတွင် မြန်နှုန်းမြှင့် အင်တာနက်ဝန်ဆောင်မှုများနှင့် သုံးစွဲသူများ၏ တိုင်ကြားချက်များကြောင့် စားသုံးသူ ကာကွယ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နေရကြောင်း ဒုဝန်ကြီးက ပြောကြားသည်။ 

“ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ ဆားဗစ်ပရိုက်ဗိုက်တာတွေ မမှန်မကန်လုပ်နေတာတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က တရားစွဲလို့ရတဲ့ အခြေအနေမရှိပါဘူး။ ဒါပေမဲ့ ၆၆ (ဂ) နဲ့ဆိုရင်တော့ တစ်မျိုးဖြစ်နိုင်ပါတယ်။ ဒါကို အသုံးချပြီး ပြန်လုပ်ရင်တော့ ရနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ အလေးထားပြီး ပြန်လည်ဆောင်ရွက်မှာဖြစ်ကြောင်းတင်ပြပါတယ်” ဟု ဦးသာဦးက ဆိုသည်။ 

ယင်းအပြင် စည်းကမ်းဖောက်သည့် အော်ပရေတာများကို ယာယီပိတ်ခြင်းနှင့် အပြီးသတ်လိုင်စင်ပိတ်သိမ်းပါက သုံးစွဲသည့် ပြည်သူများ ဆက်သွယ်မှုပြတ်တောက်နိုင်သည့် ကိစ္စများရှိနေကြောင်း၊ ယင်းကြောင့် အရေးယူနိုင်သည့် နည်းလမ်းနှင့် ဥပဒေပါ ပြင်ဆင်ရမည့်အချက်များကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

The Voice

0 comments:

Post a Comment