Sunday, February 3, 2019

၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့်အ၀ရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေဟု ဆို



စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အ၀ရရှိရန် ရည်မှန်းချက်ထားေ ဆာင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း တည်ဆောက်ရေးတင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုတို့အကြား တည်ဆောက်ရေးလုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံအတွင်းက နေရာဒေသအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း ၂၀၂၀ ခုနှစ်မှာ ၅၅ ရာခိုင်နှုန်း၊၂၀၂၅ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်း ရရှိစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံချက်ကို ဖော်ဆောင်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေကန်ဒေါ်လာ သန်း (၄၀၀)ကို ရရှိခဲ့ပါတယ်။ ဒီချေးငွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ 

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း (၄၀၀) အနက် သန်း (၃၁၀) ဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်ဓာတ်အားစနစ် တိုးချဲ့ဆက်သွယ်ပေးခြင်း (Grid Extension) လုပ်ငန်းများ အတွက်လည်းကောင်း၊ အမေရိကန်ဒေါ်လာ သန်း (၉၀) ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ဓာတ်အားစနစ်ပြင်ပရှိ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ အတွက်လည်းကောင်း သုံးစွဲရန်ရရှိခဲ့ကြောင်း သိရသည်။ 
  
အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ၏ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ (၅၀၈၀) ရွာကို ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်စာရင်းပါ ကျေးရွာ (၅၀၈၀) ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း (International Competitive Bidding - ICB) နှင့် ခေါ်ဆိုခဲ့ကာ ပစ္စည်းများ ၆၀ ရာခိုင်နှုန်းခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် NEP တည်ဆောက်ရေးတင်ဒါ (၁၁) ခုအနက် ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက်ဖြစ်ကာ ချုပ်ဆိုသည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စုဦးရေမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁ ဒဿမ ၃၅ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃၇ ဒဿမ ၆ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွ ၂၅ ဒဿမ ၂၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၅ ဒဿမ ၀၅ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၂၁ဒဿမ ၂၂ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင် ၃၅ဒဿမ ၄၁ ရာခိုင်နှုန်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ၆၀ဒဿမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

 

0 comments:

Post a Comment