Sunday, February 3, 2019

လာမည့် ပညာသင်နှစ်မှစပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းကားများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်


လာမည့် ပညာသင်နှစ် ၂၀၁၉-၂၀၂၀ မှစ၍ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျောင်းကားများကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ 
အာဏာပိုင်အဖွဲ့အနေဖြင့် ကျောင်းစနစ်ကို အခြေခံပညာ စာသင်ကျောင်းများအပါအဝင် တက္ကသိုလ်၊ လူမှုဖူလုံရေးကျောင်းများတွင်ပါ ကျောင်းကားပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ 

“ လာမယ့်ပညာသင်နှစ်ကနေစပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ကျောင်းကားတွေကို လုံးဝပြေးဆွဲခွင့် မပြုတော့ဘူး။ ဒီတစ်နှစ်ကတော့ ခွင့်ပြုပေးထားတယ်။ ကျောင်းကားပြေးဆွဲတဲ့ ဘယ်ကုမ္ပဏီမဆို သတ်မှတ်ထားတဲ့အချက်နဲ့တော့ ကိုက်ညီရမယ်။ မကိုက်ညီရင်တော့ ခွင့်ပြုသွားမှာမဟုတ်ဘူး။ လာမယ့်ပညာသင်နှစ်ကစပြီး ကျောင်းကားစနစ်ကို ပီပြင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ 

လာမည့်ပညာသင်နှစ်မှစ၍ ဘယ်မောင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုတော့မည်ဖြစ်ကာ သတ်မှတ်ထားသည့် အချက် (၁၂) ချက်နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း သိရသည်။ 

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီးရေ ၂၀၀ တွင် ၆၄ စီးသာပြေးဆွဲနေရပြီး ကျန်ရှိသည့် ကျောင်းကားများကို လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ ရန်ကင်း TTC နှင့် ကမာရွတ် TTC ကျောင်းတို့တွင် ထည့်သွင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် စာသင်ကျောင်းများအနေဖြင့် ကျောင်းကားလိုအပ်ချက်ရှိပါက တင်ပြနိုင်ပြီး ကျောင်းကားများ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 
  
ကျောင်းကားစနစ်ကို အများပိုင်စနစ်ဖြင့် ဆောင်ရွက်ရန် ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အမြတ်မရနိုင်သဖြင့် ကုမ္ပဏီများမှလက်ရှောင်သွားကြပြီး လက်ရှိတွင် အာဏာပိုင်အဖွဲ့မှ ၁၀၀ ရာခိုင်နှုန်း တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment