Monday, February 4, 2019

စစ်ကိုင်းတိုင်းလွှတ်တော်ကို မဏိပူရ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ လာရောက်လေ့လာ


ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းမှာ စတင်ကျင်းပပါတယ်။ 
မုံရွာမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ရမ်နမ်ခမ်ချန်နဲ့ မဏိပူရ်ပြည်နယ်အစိုးရအဖွဲ့ဝင် အရှေပိုင်းမူဝါဒရေးရာ ကော်မတီ တာဝန်ခံ တာဝန်ခံ ရာဇကုမာ ချီဝချန်ဒရာနဲ့ အဖွဲ့ဝင်တွေ ပထမဆုံးအကြိမ်အဖြစ် လာရောက်လေ့လာခဲ့ကြပါတယ်။ 

မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပါလီမန်ဒီမိုကရေစီအကြောင်းကို ရှင်းပြခဲ့ပြီး မဏိပူရ်ပြည်နယ်လွှတ်တော်ကိုလည်း မြန်မာကိုယ်စားလှယ်တွေအနေနဲ့ လာရောက်လေ့လာကာ ပါလီမန်ဒီမိုကရေစီနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ 

တိုင်းဒေသကြီးလွှတ်တော်ပထမနေ့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရိုလ်ထန်ပွီးယာနဲ့ ကွယ်လွန်သွားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဖုန်းမြင့်နိုင်အစားဝင်ရောက်လာတဲ့ ဗိုလ်မှူး စိုးဝင်းမြင့်တို့ ကလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။ 

ဒါ့အပြင် လွှတ်တော်ရပ်နားထားစဉ် ကွယ်လွန်ခဲ့ကြတဲ့ ရှမ်းနီပါတီကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဖုန်းမြင့်နိုင်တို့အတွက်လည်း ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ 

လွှတ်တော်အစည်းအဝေးပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၉ ယောက်တို့က ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ ကြယ်ပွင့်ပြမေးခွန်း ၉ ခုကိုလည်း မေးမြန်းခဲ့ကြပါတယ်။ 

အခုတကြိမ် ပြန်လည်ကျင်းပတဲ့လွှတ်တော်က တလကျော်ကြာ ကြာမြင့်မှာဖြစ်ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၆၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၈၅ ခုနဲ့ အဆို ၂ ခုတို့ကို တင်သွင်းမေးမြန်းဆွေးနွေးမှာ လည်းဖြစ်ပါတယ်။ 

ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် E- Voting မဲပေးတဲ့ စနစ်ကိုလည်း စတင်ကျင့်သုံးမှာဖြစ်ပါတယ်။







DVB

0 comments:

Post a Comment