ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကထူးကြီး-ရွှေကျင်-သပြေကုန်းလမ်းမပေါ်ရှိ တစ်တစ်တူးကွင်း တံတားမှာ တရားမ၀င်သစ်တွေ တင်ဆောင်လာတဲ့ ကားတစီး ဖြတ်မောင်းလာစဉ် တံတားကျိုးကျပြီး လူ ၆ ဦး သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ထူးကြီးနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်မျိုးစည်သူက ပြောပါတယ်။
“တိမ်းမှောက်နေတဲ့ ကားနဲ့အလောင်းတွေကို ဖော်နေတယ်။ လောလောဆယ်ဆေးရုံကို သုံးယောက်တင်ထားရတယ်။ လက်ရှိမှာတော့ အလောင်း ၆ လောင်းရပြီ၊ ထူးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ပါတယ်။ ကျန်တဲ့ ရဲလုပ်ငန်းတွေ ဆက်စပ်လုပ်ကိုင်နေပါတယ်။”
အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးဟန်မင်းထက်က “ကျနော် ဒီသစ်တွေကို ခုတိုင်းထွာမယ်၊ မဲဇလီကုန်းဘိနယ်ကို သယ်မယ်။ လောလောဆယ် သစ်တောဥပဒေပုဒ်မ ၄၁ (က) ကျွန်းနဲ့ တားမြစ်ထားတဲ့ သစ်တောထွက်ပစ္စည်းများအပြင် အခြားသစ်တောထွက် ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ရွှေ့ပြောင်းခြင်း သယ်ဆောင်ဥပဒေနဲ့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
ယာဉ်မောင်း ကိုတင်မောင်ဆွေကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-(က) ပေါ့ဆမှုကြောင့် လူသေမှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
တရားမ၀င် ဖမ်းဆီးမိတဲ့ သစ်တန်က ၄ တန်ကျော်လောက်ရှိမယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ – သန်းထိုက်မြင့်
DVB
0 comments:
Post a Comment