Sunday, February 3, 2019

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် တောင်းဆိုသူ ငါးဦးကို အာဏာပိုင်များဖမ်းဆီး


ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် တောင်းဆိုသူ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။ 
ချူလာလောင်ကွန်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း သာနာဝပ် ဝမ်ချိုင်း၊ သာမာဆတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံကျောင်းသားဟောင်း ပါရစ်ချီ ဝါရတ်နှင့် အခြားဒီမိုကရေစီလှုပ်ရှားသူ သုံးဦးကို ပရာရွတ် နုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ တင်ပြမှုဖြင့် မနေ့က ရဲက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ 

အိတ်ဖွင့်ပေးစာတွင် ပရာရွတ်အား ဝန်ကြီးချုပ်နှင့် အာဏာသိမ်း အမျိုးသား တည်ငြိမ်အေးချမ်းရေးကောင်စီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရန် တောင်းဆိုထားသည်။ 

သောကြာနေ့က မိန့်ခွန်းတွင် ပရာရွတ်က ၎င်း၏ ရာထူးနှစ်နေရာစလုံးကို ဆက်လက်ရယူထားမည့် ဆုံးဖြတ်ချက်အား ကာကွယ်ပြောဆိုရင်း ၎င်းအား နုတ်ထွက်ခိုင်းရဲသူ ရှိသလားဟု ဒေါသတကြီး စိန်ခေါ်ခဲ့ခြင်းကို ဒီမိုကရေစီအရေး လှုပ်ရှားသူများက တုံ့ပြန်လိုက်ကြခြင်းဖြစ်သည်။ 

ပေးစာလာရောက်တင်ပြသော ဒီမိုကရေစီလှုပ်ရှားသူများကို ဂိတ်နံပါတ် ၄ တွင် စောင့်ဆိုင်းနေသော ရဲမှူးကြီး ဆုမ်ယွတ်အူဒုံရာကာဆတ်က အစိုးရရုံး၏ မီတာ ၅၀ အတွင်း ဆန္ဒပြမှုများကို ဥပဒေအရ တားမြစ်ထားကြောင်းနှင့် ၂၄ နာရီ ကြိုတင်ခွင့်တောင်းမှု မရှိသည့်အတွက် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရှင်းပြခဲ့သည်ဟု သိရှိရသည်။ 

သာနာဝပ်နှင့် ပါရစ်တို့အုပ်စုသည် ဂိတ်နံပါတ် ၃ သို့ ရွှေ့သွားခဲ့ကြပြီး အိတ်ဖွင့် ပေးစာကို ဖတ်ပြခဲ့ကြသည်။ ပေးစာတွင် ဗိုလ်ချုပ်ကြီးပရာရွတ်၏ အပြုအမူသည် ရွေးကောက်ပွဲ လွတ်လပ်မျှတရေးကို အန္တရာယ်ပေးနိုင်ခြေရှိနေကြောင်း၊ ပရာရွတ်အနေနှင့် စစ်အစိုးရလိုလားသော ပါလန်ပရာ ချာရတ်ပါတီတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ပါဝင်ရန် ဆုံးဖြတ်သည်နှင့် တစ်ပြိုင်နက် ဝန်ကြီးချုပ်နှင့် အာဏာသိမ်းကောင်စီ ဥက္ကဋ္ဌရာထူး နှစ်နေရာစလုံးမှ နုတ်ထွက်ပေးရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။ 

ပါတီတစ်ခုလျှင် ဝန်ကြီးချုပ်လောင်း သုံးဦး တင်သွင်းခွင့်ရှိပြီး စစ်အစိုးရ လိုလားသော ပါလန်ပရာချာရတ်ပါတီသည် နှစ်ဦးကို တင်သွင်းထားပြီးဖြစ်ကာ ကျန်တစ်နေရာအတွက် ပါဝင်ရန် ဗိုလ်ချုပ်ကြီး ပရာရွတ်ကို ကမ်းလှမ်းထားသည်။ 

ပေးစာ ဖတ်ကြားပြီးနောက်တွင် ပါရစ်တို့အုပ်စုက အစိုးရရုံး ခြံစည်းရိုးကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆားတို့ဖြင့် ပစ်ပေါက်ခဲ့ကြပြီး ပရာရွတ် နုတ်ထွက်ရန် သတိပေးသည့် လက်ဆောင်များဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ထိုပစ္စည်းသုံးမျိုးသည် ထိုင်းရိုးရာ နတ်ပွဲများတွင် မကောင်းဆိုးဝါးနှင်ရန် မီးရှို့သည့်ပစ္စည်းများဖြစ်သည်။ 

ထို့နောက်တွင် ၎င်းတို့ ငါးဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ဘတ်ငွေ တစ်သောင်း ဒဏ်ငွေချမှတ်နိုင်သော ၂၀၁၅ လူအများ စုဝေးမှုဆိုင်ရာ အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။ 

အာဏာသိမ်း စစ်ဗိုလ်ချုပ်ပရာရွတ်သည် ပါလန်ပရာချာရတ်ပါတီ၏ ကမ်းလှမ်းမှုကို လက်ခံရန် စဉ်းစားနေကြောင်း ထင်ရှားလာသည်နှင့်အမျှ ၎င်းအား နုတ်ထွက်ရန် ဖိအားပေးမှုများ ပိုမိုမြင့်တက်လျက်ရှိသည်။ 

သောကြာနေ့က မိန့်ခွန်းတွင် ပရာရွတ်က အစိုးရအုပ်ချုပ်မှုစနစ် စတင်ခဲ့သော ၁၉၃၂ ကတည်းက ရွေးကောက်ပွဲ မတိုင်မီ ဝန်ကြီးချုပ်က နုတ်ထွက်ရသည့် ဥပဒေမရှိခဲ့ကြောင်းနှင့် ထိုသို့ ပြုလုပ်စရာ မလိုကြောင်း ပြောကြားခဲ့သည်။ 

ပရာရွတ်သည် ယာယီအခြေခံ ဥပဒေ ပုဒ်မ ၄၄ အရ အာဏာကို ရယူထားခြင်းဖြစ်ရာ ရွေးကောက်ပွဲကော်မရှင် အပေါ်တွင်လည်း ထိန်းချုပ်ခွင့် အာဏာရှိနေသည်ဟု ဝေဖန်သူများက ထောက်ပြထားကြသည်။ ထို့အပြင် ရွေးကောက်ပွဲအပြီး အမတ် ၂၅၀ ကို ခန့်အပ်ရာတွင်လည်း ၎င်းက ယာယီအာဏာသိမ်းကောင်စီ ဥက္ကဋ္ဌအနေနှင့် အဓိကပါဝင်စွက်ဖက်ခွင့် ရှိနေဦးမည်ဟုလည်း ပညာရှင်များက ထောက်ပြနေကြသည်။

The Voice

0 comments:

Post a Comment