မြိတ်ကျွန်းစုအတွင်းရှိ ဒီရေတောများကို အပြောင်ရှင်းပြီး ဆောင်ရွက်နေသည့် ရေငန်ပုစွန် မွေးမြူရေးစီမံကိန်းကြီးများမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တင်ပြထားခြင်း မရှိသလို ခွင့်ပြုချက်လည်း မပေးထားသည့်အတွက် ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်အတွင်း ပင်လယ် ရေသယံဇာတငါးများ ပေါက်ဖွားရာ ဒီရေတော သစ်ပင်များကို ဧကထောင်ချီ ခုတ်လှဲ၍ အပြောင်ရှင်းစနစ်ဖြင့် ပုစွန်မွေးမြူရေးစီမံကိန်းကြီးများ တိုးချဲ့လုပ်ကိုင်နေခြင်းအပေါ် မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိရှိလိုကြောင်း ကျွန်းစုမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက မတ် ၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ရာ ဒုဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ဖြိုးထွန်း ကုမ္ပဏီလီမိတက်အနေနဲ့ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအနီးရှိ မြေ ၄၁၅ ဧက ဆောင်ရွက်နေတဲ့ ခေတ်မီ ရေငန်ပုစွန်မွေးမြူရေးခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် တစ်စုံတစ်ရာ ထုတ်ပေးထားခြင်း မရှိပါဘူး။ ကွင်းဆင်း စိစစ်တဲ့အခါမှာ အဆိုပါလုပ်ငန်းဟာ ၂၀၁၄ ခုနှစ် စတင်ပြီး စိုက်ပျိုးရေး/မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါး လုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက် ရေထွက်ပစ္စည်း ရောင်းဝယ်စုဆောင်းခွင့် လိုင်စင်ဖြင့် ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ မအိုင်ကျေးရွာအုပ်စု မစမ်းပါးကျေးရွာရှိ ငွေဇင်ယော် အမည်ဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်း အပါအဝင် မည်သည့်လုပ်ငန်း ဆောင်ရွက်ခွင့်ကိုမှ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားခြင်း မရှိသလို ကော်မရှင်မှလည်း ခွင့်ပြုထားခြင်း မရှိပါ။ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်နှင့် ခိုင်ဇင်ယော်ထရိတ်ဒင်း ကုမ္ပဏီလီမိတက်တို့မှ ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုအပေါ်တွင် မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုထားမှု မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း ပုစွန်မွေးမြူရေး ယာယီလိုင်စင် လျှောက်ထားမှု မရှိသေးသည်ကို စိစစ်တွေ့ရှိရပါတယ်။ ၎င်းလုပ်ငန်းများ လုပ်ကိုင်နေပါက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ မှ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်” ဟု ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။
ယင်းစီမံကိန်းကြီးများကို နေ့ရောညပါ စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် ကွင်းဆင်း ဓာတ်ပုံရိုက်ကူးကာ လွှတ်တော်၌ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အရှေ့ဘက်ခြမ်းအနေနဲ့ ဒီရေတောပေါက်နှုန်း နည်းတဲ့အတွက် ရေချိုချောင်းကျေးရွာအနီးမှာ ပုစွန်ကန်လုပ်တဲ့ နေရာမှာ သဘာဝအတိုင်း ထားရှိပေးဖို့ အနောက်ဘက်ခြမ်းမှာက သစ်ပင်ခြုံနွယ်ပဲ ရှိတဲ့အတွက် ဒီရေတောပေါက်ရောက် နည်းပါးတယ် ဆိုပြီး သစ်တောဌာနက ထောက်ခံပေးထားတယ်။ ဒါပေမဲ့ ဒီရေတောပုံတွေက ကျွန်တော်ကိုယ်တိုင် ရိုက်ထားတဲ့ပုံတွေ ဖြစ်တဲ့အတွက် ဒီရေအပေါင်းခြုံပင်ဆိုတာ မဟုတ်ပါဘူး။ တကယ့်ကို ဒီရေတော အပင်ကြီးဖြစ်နေတယ်။ ဒါကိုလည်း ပါဝါပွိုင့်မှာ ပြထားတယ်။ လက်ရှိအချိန်မှာလည်း ဒီရေတောတွေက ကုန်သွားပြီ။ ဝန်ကြီးအနေနဲ့ အောက်ခြေက တင်ပြထားတာတွေကို ပြန်လည် စိစစ်ပေးဖို့ နောက်တစ်ခုက သက်ဆိုင်ရာဌာန အဖွဲ့အစည်း ရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုချက်မရဘဲနဲ့ ဥပဒေမဲ့ လုပ်တဲ့အတွက် ဒါကို အရေးယူပေးဖို့ ကျွန်တော် ထပ်ဆင့်မေးခွန်း မေးခဲ့တယ်။ သက်ဆိုင်ရာဌာနအနေနဲ့ ပြန်လည် စိစစ်ပြီး အရေးယူပေးမယ်ဆိုတာ သိရတယ်။ လက်ရှိအချိန်မှာ တစ်ပတ်လောက် စောင့်ကြည့်မယ်။ အောက်ခြေအနေကို စောင့်ကြည့်ပြီးတောင်မှ ဆက်လုပ်နေမယ် ဆိုရင် ဒီထက်ထိရောက်တဲ့ နည်းတစ်ခု ထပ်လုပ်ဦးမယ်။ လက်ရှိအခြေအနေမှာ နေ့ရောညပါ လုပ်နေတယ်။ ယန္တရားကို အစီး ၃၀ ကျော်လောက် ရှိပါတယ်။ ဘက်ဟိုးချည်း ၃၀ လောက် ရှိတယ်။ ဒီရေတောကို သတ်ပြီး ပုစွန်ကန်လုပ်တဲ့ ကျွန်းစုမြို့နယ်က ကုမ္ပဏီအားလုံးက ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ ခွင့်ပြုချက်ရထားတာ တစ်ခုမှ မရှိဘူး။ တရားမဝင် လုပ်နေတဲ့သဘောမျိုး ဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက Eleven Media ၏မေးမြန်းချက်ကို မတ် ၄ ရက်က ပြန်လည် ဖြေကြားခဲ့သည်။
ပြည်ဖြိုးထွန်းကုမ္ပဏီမှ ပုစွန်မွေးမြူရေးစီမံကိန်းကို တရုတ်နိုင်ငံသားများ ကိုယ်တိုင် ကြီးကြပ်လုပ်ဆောင်နေပြီး တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် စီမံကိန်းကို နိုင်ငံခြားသားပိုင် တရုတ်ကုမ္ပဏီတစ်ခုကို တစ်ဆင့် လက်လွှဲရောင်းချထားသည့် ပုံစံဖြစ်နေကြောင်း၊ ယင်းမှာ နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းတွင် မေးမြန်းခဲ့သည်။
ထို့ပြင် မြိတ်ကျွန်းစုအတွင်း ဒီရေတောများ အပြောင်းရှင်းပြီး ပုစွန်မွေးမြူရေးစီမံကိန်းကြီးများ လုပ်ဆောင်နေသည်ကို မည်ကဲ့သို့ ခွင့်ပြုထားကြောင်း ဒေသခံတစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြိတ်ခရီးစဉ်တွင် မေးခွန်းမေးမြန်းခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက စီမံကိန်းများကို ခွင့်မပြုထားကြောင်း ဖြေကြားထားခဲ့သည်။
ခွင့်ပြုချက် မရထားသည့် ပုစွန်မွေးမြူရေးစီမံကိန်းကြီးများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြီးခဲ့သည့်လက လာရောက်လေ့လာခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တရားမဝင် တူးဖော်ထားသည့် ငါး၊ ပုစွန် မွေးမြူရေးကန်များကို တစ်ဧကလျှင် ကျပ် သုံးသောင်းသာ ကောက်ခံပြီး လုပ်ကိုင်ခွင့်ပြုမည်ဟု ပြောကြားမှုအပေါ် ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများကြားတွင်လည်း ဝေဖန်မှု မြင့်တက်နေကြောင်း သိရသည်။
မြိတ်ကျွန်းစုအတွင်းရှိ ပုစွန်ကန်များနှင့် ပတ်သက်ပြီး ဒီရေတောများကို ခုတ်လှဲပစ်သည်မှာ မဟုတ်ကြောင်း၊ ဓနိပျက်၊ လယ်ပျက်များကို ဒေသခံများထံမှ သိန်းထောင်ချီ အကုန်အကျခံကာ ဝယ်ယူပြီး ဆောင်ရွက်နေကြောင်း အသေးစိတ်ဖြေကြားမှုကိုမူ နောက်ပိုင်းမှသာ ပြုလုပ်မည်ဟု ကုမ္ပဏီတာဝန်ရှိသူများက ဖြေကြားထားသည်။
Elelven Media Group
0 comments:
Post a Comment