ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့၏ တရားဝင် အစည်းအဝေး ပြန်လည်စတင်နေပြီဖြစ်သည်။
ထိုအစည်းအဝေးကို အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့မှ အထူးကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးနေလျှက်ရှိသည်။
PPST တရားဝင် အစည်းအဝေးသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ လလယ်ပိုင်းမှစတင်ကာ ရပ်ဆိုင်းနေခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင် မတ်လ ၅-၆ ရက်နေ့တွင်ကျင်းပမည့် အစည်းအဝေးသည် ပထမဆုံး အကြိမ် တရားဝင် ပြန်လည် စတင်ခြင်း ဖြစ်သည်။
၂၀၁၈ အောက်တိုဘာလ ၁၅-၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ “တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် PPST တရားဝင် အစည်းအဝေးများ ရပ်ဆိုင်းသွား ခဲ့ရသည်။
အပစ်ရပ်အဖွဲ့များက အစိုးရ၊ တပ်မတော် တို့နှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် KNU က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး RCSS/SSA က ဒုဥက္ကဋ္ဌ တာဝန် ယူထားသည်။
0 comments:
Post a Comment