မြောက်ဦးမြို့နယ်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၁ ဦးသည် မတ်လ ၄ ရက်နေ့တွင် ထပ်မံ၍ နုတ်ထွက်လိုက် ကြောင်း ၎င်းတို့ထံမှသိရသည်။
အဆိုပါမြို့ နယ်အတွင်း၌ အုပ်ချုပ်ရေးမှူး ဦးရေ ၁၀၀ ကျော်ခန့်ရှိရာ မတ်လ ၁ ရက်နေ့က ၉၀ ခန့် နုတ်ထွက်ခဲ့ကြပြီး မတ်လ ၄ ရက်နေ့တွင် ကျန်ရှိနေကြသော အုပ်ချုပ်ရေးမှူး ၁၁ ဦး နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
၎င်းအုပ်ချုပ်ရေးမှူးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်း၌ လကုန်အစည်းအဝေး ကျင်းပနေကြစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်လှစ်ထားသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်သည်။
“ကျွန်တော်တို့မှာ အားကိုးရာမရှိ ဖြစ်နေတယ်။ အစည်းအဝေးခန်းမတောင် ဖမ်းသွားတာဆိုတော့ နောက်နောင်လည်း စိတ်မချရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ဝေသာလီကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက ပြောကြားသည်။
လက်ရှိ နုတ်ထွက်ကြသည့် အုပ်ချုပ်ရေးမှူးတို့သည် ယင်ခင်က အုပ်ချုပ်ရေးမှူး ၉၀ ခန့် နုတ်ထွက်ကြသည့်အချိန်၌ ခရီးလွန်နေကြသဖြင့် ပါဝင်နိုင်ခြင်းမရှိသဖြင့် ယခုမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်လိုလျှင် မိမိတို့၏ သဘောဆန္ဒအခက်အခဲများကို တစ်ဦးချင်း တင်ပြပြီးမှ နုတ်ထွက်ခွင့်ပြုနိုင်မည်ဖြစ်ပြီး စုပေါင်းနုတ်ထွက်လျှင် နုတ်ထွက်ခွင့်ပြု၍မရကြောင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆိုထားသည်။
“ကျွန်တော်တို့ဒီနေ့ ရုံးမှာ တံဆိပ်တုံးရယ် နုတ်ထွက်စာရယ် သွားပေးတော့ အဲဒီလိုပြောတယ်။ ကျွန်တော်တို့ကလည်း မိမိဆန္ဒအရဆိုရင် မကောင်းလို့လည်း ဝေဖန်ကြတော့ တစ်ပြေးညီလုပ်ကြတာပေါ့” ဟု ဦးမောင်ကျော်ဝင်းက ဆိုသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတို့အနေနှင့်လည်း စုပေါင်းနုတ်ထွက်ခြင်းကို နုတ်ထွက်ခြင်းမပြုဘဲ တစ်ဦးချင်း နုတ်ထွက်မှသာ နုတ်ထွက်ခွင့်ပြုမည့်အပေါ် မည်သို့ဆောင်ရွက်သွားမည်ကို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။
မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် အခြား ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် မြောက်ဦးမြို့နယ်ရှိ အောင်စေတီဘုရား၌ ဒေသခံများ ဆုတောင်းပွဲတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။
အလားတူ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက် ဦးချုပ်ရေးမှူး ဦးမောင် ညွှန့်တင်သည်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် သားသမီးများ၏နောင်ရေးကို ရှေ့ရှုလျက် မိမိဆန္ဒသဘောဖြင့် မတ်လ ၃ ရက်နေ့တွင် နုတ်ထွက်သွားသည်။
The Voice
0 comments:
Post a Comment