အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ၂၀၁၈ ခုနှစ်အတွင်း တရားရုံးပြန်နှင့် ထောင်ဝင်စာ ရှာဖွေရေးတို့က မူးယစ်ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။
နေပြည်တော်၌ မတ် ၄ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သန်လျင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်မေးမြန်းသော ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းပြန် ဝင်လာချိန်တွင် ခန္ဓာကိုယ်အတွင်းသို့ ပစ္စည်းများ လျှို့ဝှက်သယ်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့်နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X – ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဒုတိယဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အင်းစိန်ဗဟိုအကျဉ်းထောင်တစ်ခု တည်း၌ပင် တရားရုံးအပြန်ရှာဖွေရေးနှင့် ထောင်ဝင်စာရှာဖွေရေးတို့က ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ပါတယ်။ အင်းစိန်ဗဟိုအကျဉ်းထောင် နေ့စဉ်ရုံးထုတ်၊ ရုံးပြန်ဦးရေ ၁၀၀၀ ကျော်ရှိပြီး ရုံးပြန်ချိန်မှာလည်း နေဝင်ချိန်ရောက်ရှိနေပြီဖြစ်၍ ရှာဖွေရေးဆောင်ရွက်ရာမှာ အချိန်ပေးနိုင်ခြင်းမရှိဘဲ လျင်မြန်စွာ ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။ ရှာဖွေရေးပြုလုပ်ရာမှာ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။
ထို့ပြင် ရှာဖွေရေးပြုလုပ်ရာတွင်လည်း ခန္ဓာကိုယ်အတွင်း သွင်းယူလာကြောင်း သတင်းအတိအကျရရှိလာပါက စအိုအတွင်း လက်နှိုက်ရှာဖွေခြင်း မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန်ခံကာ ထိုင်ထပြုလုပ်စေခြင်း၊ အန်စေခြင်း နည်းလမ်းတို့ကိုသာ ဆောင်ရွက်ပြီး ရှာဖွေလျက်ရှိကာ အဆိုပါ နည်းလမ်းများ ဆောင်ရွက်ခြင်းကြောင့် မူးယစ်ဆေးဝါး ထွက်ရှိလာခြင်းမရှိပါက အကျဉ်းထောင်ဆေးရုံရှိ ရောဂါရှာဖွေရန်ထားရှိသည့် ဓာတ်မှန်ရိုက်စက်ဖြင့် ဓာတ်မှန်ရိုက် စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး သတင်းမရရှိသူများထံကလည်း အကျဉ်းထောင်အတွင်းသို့ စိတ်ကြွဆေးပြားသွင်းလာနိုင်သဖြင့် ရှာဖွေရန် Body Search Scaner များ လိုအပ်သောကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်စက်နှင့် စက်ပစ္စည်းရန်ပုံငွေ၌ အဆိုပါစက်ပစ္စည်းဝယ်ယူရန် လျာထားတန် ဖိုးအပါအဝင် ကျပ် ၁၀၄၆ ဒသမ ၃၅၅ သန်း တင်ပြတောင်းခံခဲ့သော်လည်း ကျပ် ၅၅ ဒသမ ၀၆၈ သန်းသာ ခွင့်ပြုချက်ရရှိခဲ့ပြီး ကျပ် ၉၉၁ ဒသမ ၂၈၇ သန်း ဖြတ်တောက်ခဲ့ကာ ထိုသို့ဖြတ်တောက်သည့် စာရင်းတွင် Body Search Scaner နှစ်စုံဝယ်ယူရန်အတွက် ကျပ် ၁၁၅ ဒသမ ၅ သန်း ပါဝင်သွားခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် စက်ပစ္စည်းရန်ပုံငွေတွင်လည်း Body Search Scaner တစ်စုံနှင့် X – ray စက်နှစ်စုံဝယ်ယူရန် လျာထားတန်ဖိုးများအပါအဝင် ငွေကျပ် ၂၁၄၆ ဒသမ ၀၈ သန်း တင်ပြတောင်းခံရာ ငွေကျပ် ၅၉၅ ဒသမ ၀၈၈ သန်းသာ ခွင့်ပြုချက်ရရှိခဲ့ပြီး ငွေကျပ် ၁၅၅၀ ဒသမ ၉၉၂ သန်း ဖြတ်တောက်ခဲ့၍ ဖြတ်တောက်မှုတွင် Body Search Scaner တစ်စုံအတွက် ငွေ ကျပ် ၅၇ ဒသမ ၇၅ သန်းနှင့် X – ray စက် နှစ်စုံအတွက် ငွေကျပ် သန်း ၃၀ ပါဝင်သွားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
အကျဉ်းဦးစီးဌာနအနေဖြင့် တရားရုံးထုတ် ရုံးပြန်ထောင်ဝင်စာတွေ့ဆုံမှု များပြားသည့် အကျဉ်းထောင်များ၊ မူးယစ်ဆေးဝါး ပြန့်ပွားမှုများပြားသည့်ဒေသများနှင့် အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scaner သုံးစုံနှင့် X – ray စက်သုံးလုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ဖြည့်စွက်တွင်လည်းကောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလ ရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment