Monday, March 4, 2019

တရားမ၀င်ပစ္စည်းများကို ထောင်အတွင်းသို့ စအိုအတွင်းထည့်၍ဖြစ်စေ၊ ပါးစပ်မှမျိုချ၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့်သွင်းယူလာကြခြင်းကိုရှာဖွေရန် X-ray စက်အတွက် ငွေကြေးကို တင်ပြတောင်းခံသွားမည်



အကျဉ်းဦးစီးဌာနအနေဖြင့် တရားရုံးထုတ်ရုံးပြန်ထောင်ဝင်စာများတွေ့ဆုံမှုများပြားသော အကျဉ်းထောင်များ၊ မူးယစ်ဆေးဝါးပြန့်ပွားမှုများပြားသောဒေသများရှိအကျဉ်းထောင်များတွင်အသုံးပြုရန်Body Search Scanner (၃)စုံနှင့်X-ray စက်(၃)လုံးကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရံပုံငွေဖြည့်စွက်တွင် လည်းကောင်း၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလရံပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်သူကရှင်းလင်းဖြေကြားခဲ့သည်။ 
သန်လျင်မဲဆန္ဒနယ်မှဦးလွင်ကိုလတ်မေးမြန်းသော”ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန်အချုပ်သားများ ထောင်တွင်းပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ်အတွင်းသို့ တရားမ၀င်ပစ္စည်းများလျှို့ဝှက်သယ်ဆောင်လာကြောင်းသတင်းရရှိ၍ စအိုအတွင်းလက်ဖြင့်နှိုက်ရှာခြင်းသည်လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့်မညီညွတ်ပါသဖြင့် X-Rayစက်ဖြင့်ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကိုသိလိုခြင်း”နှင့်စပ်လျဉ်းသည့်မေးခွန်းကို ယမန်နေ့ကကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ အစည်းအဝေးတွင် ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
“ယခုအခါမှာမူးယစ်ဆေးဝါးမှုဖြင့်ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားများပြားလာရာ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးဝါးများကိုလည်း အကျဉ်းထောင်အတွင်းသို့ စအိုအတွင်းထည့်၍လည်းကောင်း၊ ပါးစပ်မှမျိုချ၍လည်းကောင်း၊ ခေါက်ဆွဲထုပ်၊ မုန့်ထုပ်၊ ကော်ဖီမစ်ထုပ်အတွင်းထည့်သွင်း၍လည်းကောင်း၊ အခြားအစားအသောက်ဗူးများအတွင်းထည့်သွင်း၍လည်းကောင်း နည်းလမ်းမျိုးစုံဖြင့်သွင်းယူလာကြသောကြောင့် ရှာဖွေရေးကိုအထူးအာရုံစိုက်ဆောင်ရွက်လျက်ရှိနေရပါတယ်”ဟုလည်း ဒုတိယ၀န်ကြီးကထည့်သွင်းဖြေကြားခဲ့သည်။ 
ရှာဖွေရေးပြုလုပ်ရာတွင်လည်း လူ့ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးအလေးထားဆောင်ရွက်နေပြီး ခန္ဓာကိုယ်အတွင်းသွင်းယူလာကြောင်းသတင်းအတိအကျရရှိသူကို စအိုအတွင်းလက်နှိုက်ရှာဖွေခြင်းလုံးဝမပြုလုပ်ပဲ စအိုအောက်တွင်ကြည့်မှန်ခံ၍ ထိုင်၊ထပြုလုပ်စေခြင်းနှင့်အန်စေခြင်းနည်းလမ်းတို့ကိုသာဆောင်ရွက်ပြီး ရှာဖွေနေကြောင်းဆက်လက်ဖြေကြားခဲ့သည်။ 
အဆိုပါနည်းလမ်းများဆောင်ရွက်ခြင်းကြောင့်မူးယစ်ဆေးဝါးထွက်ရှိလာခြင်းမရှိပါကအကျဉ်းထောင်ဆေးရုံတွင်ရှိသောရောဂါရှာဖွေရန်ထားရှိသည့်ဓာတ်မှန်ရိုက်စက်ဖြင့်ဓာတ်မှန်ရိုက်စစ်ဆေးနေကြောင်းသိရသည်။ 
အင်းစိန်ဗဟိုအကျဉ်းထောင်တစ်ခုတည်းတွင်ပင်တရားရုံးအပြန်ရှာဖွေရေးနှင့်ထောင်ဝင်စာရှာဖွေရေးတို့မှ(၂၀၁၈)ခုနှစ်အတွင်းမူးယစ်ဆေးဝါး(၆၈)ကြိမ်ဖမ်းဆီးရမိခဲ့ကြောင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်နေ့စဉ်ရုံးထုတ်ရုံးပြန်ဦးရေ(၁၀၀၀)ကျော်ရှိပြီးရုံးပြန်ချိန်မှာလည်းနေ၀င်ချိန်ရောက်ရှိနေပြီဖြစ်သောကြောင့်ရှာဖွေရေးဆောင်ရွက်ရာတွင် အချိန်ပေးနိုင်ခြင်းမရှိပဲ လျင်မြန်စွာရှာဖွေဆောင်ရွက်လျက်ရှိကြောင်း၎င်းကတင်ပြခဲ့သည်။ 

ဖူးဖူးအောင်
Popular News Journal 

0 comments:

Post a Comment