စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်းတွင် စားသုံးသူများအတွက် အကျိုးမပြုသောဥပဒေပုဒ်မများ ပါဝင်နေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
စားသုံးသူကာကွယ်ပေးရေးဥပဒေကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ပြဋ္ဌာန်းခဲ့သော်လည်း စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုအပေါ် အကာအကွယ်ပေးနိုင်မှုနည်းပါးသည့်အပြင် ကျင့်ဝတ်လိုက်နာမှု အားနည်းသော စီးပွားရေးလုပ်ငန်းရှင်များအား အရေးယူနိုင်မှုအားနည်းခြင်းကြောင့် ယင်းဥပဒေကို ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်သည်။
“ဒီဥပဒေရေးဆွဲတဲ့အထဲမှာစားသုံးသူကိုဘာမှအကျိုးမပြုတဲ့ ဥပဒေပုဒ်မတွေ ပါနေပါတယ်။ နောက်ပြီး ရေးဆွဲစဉ်ကလည်းလုပ်ငန်းရှင်တွေကိုခေါ်ပြီးအကြံဉာဏ်တောင်းပြီးရေးဆွဲတယ်။ စားသုံးသူကိုအခြေပြု ရေးဆွဲပါတယ်ဆိုမှ ကျွန်တော်တို့လိုစားသုံးသူအကျိုးပြု၊ တကယ့်လှုပ်ရှားနေတဲ့ ဥပဒေပညာရှင်တွေကျတော့ မဖိတ်ခေါ်ဘူး။ နောက်ပြီးအရေးယူမှုအပိုင်းမှာလည်းငွေဒဏ်ချမှတ်မှုမှာအရင်ကသိန်း ၁၀၀ ဆိုရင် အခုက တစ်ဝက်လောက် လျှော့ချပြီးသိန်း(၅၀)ပဲသတ်မှတ်ထားတော့တယ်။ အဲဒီတော့ အရေးယူမှုကမထိရောက်တော့ လုပ်ငန်းရှင်တွေကမဆင်ခြင်ကြတော့ဘူး။ နောက်ဆုံးစားသုံးသူ ပြည်သူပဲထိခိုက်တယ်လေ” ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
အဆိုပါ ဥပဒေမူကြမ်းတွင် လုပ်ငန်းရှင်များကိုစည်းကမ်းမလိုက်နာပါက ချမှတ်မည့် ငွေဒဏ်များမှာ မူလကထက် လျော့နည်းလျှော့ချထားသည့်အတွက် စားသုံးသူကာကွယ်ရေးအသင်းမှ ပြင်ဆင်ချက်အဖြစ်တင်သွင်းထားပြီး နိုင်ငံတော်သမ္မတထံသို့ စာတင်တောင်းဆိုထားကြောင်းလည်း သိရသည်။
အသစ်ပြင်ဆင်ရေးဆွဲနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားပြီး ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနမှ စားသုံးသူရေးရာကာကွယ်ရေးဌာနကို ၂၀၁၃ ခုနှစ်၌ စတင်ဖွဲ့စည်းပြီး စားသုံးသူရေးရာ ဥပဒေအရ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် တိုင်ကြားမှုများ လက်ခံခဲ့ရာ ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားချက်များ၌ ဝန်ဆောင်မှုပိုင်းသည် ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး တိုင်ကြားမှုများလည်းများပြားလာကြောင်း သိရသည်။
ထက်ဝေလင်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment