Monday, March 4, 2019

မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းနှင့် မလွတ်ကင်းသော မြေနေရာများအတွက် ထိုက်သင့်လျော်ကြေးများ ပေးအပ်သွားမည်


မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းနှင့် မလွတ်ကင်းသော မြေနေရာများနှင့် အဆောက်အအုံများအတွက် ထိုက်သင့်သော လျော်ကြေးများပေးအပ်မည့်အပြင် စီမံကိန်း၌ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်များပါ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(နေပြည်တော်)မှ သိရသည်။ 
အဆိုပါစီမံကိန်းအတွက် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ 

“ ရထားလမ်းသစ်စီမံကိန်းအတွက် အခုညှိနှိုင်းမှုတွေတော့ လုပ်နေပြီ။ စီမံကိန်းနဲ့မလွတ်ကင်းတဲ့နေရာ ဆိုရင်တော့ ပြည်သူတွေမနစ်နာအောင် လျော်ကြေးငွေပေးသွားမယ်။ အခုက ကွင်းဆင်းလေ့လာမှုတွေ လုပ်နေပြီ ဆိုတော့ မကြာခင်စီမံကိန်းစတင်နိုင်ဖို့ မှန်းထားတယ်။ ကွင်းဆင်းလေ့လာတာက အနည်းဆုံး သုံးလကြာမယ်။ လက်ရှိမှာတော့ မူဆယ်-မန္တလေးကို ရထားလမ်းအရင်ဖောက်မယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်းက ကြာအုံးမှာ။ လောလောဆယ် စီးပွားရေးလမ်းကြောင်းအရ ကြည့်မယ်ဆိုရင် အရေးကြီးတဲ့ လမ်းပိုင်းကို အရင်လုပ်တာပါ” ဟုမြန်မာ့မီးရထား(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံနယ်စပ် Ruli East Railway ဘူတာမှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ်-လားရှိုး-ကျောက်မဲ-ပြင်ဦးလွင်တို့တစ်ဆင့် မန္တလေးသို့ရောက်ရှိမည့် အရှည် ၄၃၁ ကီလိုမီတာ(မိုင် ၂၇၀) ခန့်ရှိသော ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် China Railway Group ကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၏ မဟာဗျူဟာစီမံကိန်းဖြစ်သော One Belt One Road မှ အစိတ်အပိုင်းဖြစ်သော China- Myanmar Economic Corridor (တရုတ်- မြန်မာ စီးပွားရေးစင်္ကြန်လမ်း)အတွက် မန္တလေး-မူဆယ် ရထားလမ်းအပါအဝင် လုပ်ငန်း ၉ ခုကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအစိုးရတို့သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment