မြန်မာ့ကမ်းလွန်၌ တည်ဆောက်ခဲ့သည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်းနှင့် ၎င်းတွင်အသုံးပြုမည့် တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သည့် ရေကြောင်းပြ သင်္ဘောသုံးစင်းအား တရုတ်နိုင်ငံမှ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ကမ်းလွန်၌ တည်ဆောက်ထားသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြ စခန်းတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်သည့် ရေကြောင်းပြသင်္ဘောသုံးစင်းကို တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြ စခန်းနှင့် ရေကြောင်းပြ သင်္ဘောသုံးစင်းအား တရုတ်နိုင်ငံမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွှဲပြောင်းပေးအပ်ပွဲအား ၂၀၁၉ မတ် ၃၀ ရက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
လက်ရှိတွင် အဆိုပါပင်လယ်ပြင် အခြေစိုက်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) တည်ဆောက်မှု အားလုံးနီးပါးပြီးစီးနေပြီဖြစ်ပြီး၊ယခုလအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လွှဲပြောင်းရယူ ရန် စီစဉ်နေကြောင်း သိရသည်။
“ဒီရေကြောင်းပြသင်္ဘောသုံးစင်းက ပင်လယ်ပြင်အခြေစိုက်စခန်း တည်ဆောက်မှု စီမံကိန်းမှာ ပါဝင်တာဖြစ်ပါတယ်။ ဒီရေကြောင်းပြသင်္ဘောသုံးစင်းကို တရုတ်နိုင်ငံ မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုလ ၃၀ ရက်နေ့မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က လွှဲပြောင်းရယူသွားမှာဖြစ်ပါတယ် ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားခဲ့သည်။
(Offshore Fixed Pilot Station) တည်ဆောက်ရေး စီမံကိန်းတွင် အလျား ၃၃ ဒသမ ၂မီတာနှင့် အနံ ၃၀ ဒသမ ၄ မီတာ အရွယ် သုံးထပ်အဆောက်အအုံတစ်လုံး၊ သင်္ဘောအရွယ်အစား GRT 1500 အရွယ် ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ ရေကြောင်းပြအဆောက်အုံတွင် မီးစက်၊ ရေသန့်စင်စက်၊ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ၊ ရေဒါနှင့် Pilot Boat သုံးစင်းတို့ပါဝင်ပြီး စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀.၉သန်းကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာမှ ပင်လယ်ကူး သင်္ဘောကြီးများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ၆၄ ကီလိုမီတာအကွာရှိ ပင်လယ်ဝမှ ဝင်ထွက်ကြရခြင်းဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးများက အဆိုပါ ပင်လယ်ကူးသင်္ဘောကြီးများကို ဦးဆောင်ထိန်းကျောင်း၍ ရန်ကုန်ဆိပ်ကမ်းသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်ထွက်သွားလာနိုင်ရန် ပို့ဆောင်ပေးရကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ပင်လယ်ဝတွင် ရေကြောင်းပြသင်္ဘော (Pilot Vessel) နှစ်စီးအား ရေကြောင်းပြစခန်းအဖြစ် အလှည့်ကျကျောက်ချ အခြေစိုက်ထားရှိကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာသည့် ပင်လယ်ကူးသင်္ဘောကြီးများ ပိုမိုများပြားလာသည်နှင့်အမျှ တာဝန်ကျဝန်ထမ်းများ ပိုမိုများပြားလာပြီး နေရာလိုအပ်ချက်ရှိလာခြင်း၊ ရာသီဥတုဆိုးရွားချိန်များတွင် ရေကြောင်းပြ သင်္ဘောအား ဘေးကင်းရာသို့ရွှေ့ပြောင်းခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်ကြီးမြင့်လာခြင်း စသည့်အချက်များကြောင့် ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) အား သံကူကွန်ကရစ် သုံးထပ်အဆောက်အုံအဖြစ် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (Offshore Fixed Pilot Station) တည်ဆောက်ပြီးစီးပါက ရာသီဥတု ဆိုးရွားသော်လည်း ရေကြောင်းပြမှူးကြီး များနှင့် ဝန်ထမ်းများ အခြားနေရာသို့ ပြောင်းရွှေ့ရန်မလိုခြင်း၊ ပြုပြင်ထိန်းသိမ်း စရိတ် လျှော့ချနိုင်ခြင်း၊ အချိန်အခါ ရာသီမရွေး ပင်လယ်ကူးသင်္ဘောကြီးများအား ကိုင်တွယ်ထိန်းသိမ်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဟု သိရသည်။
Eleven Media Group
0 comments:
Post a Comment