Wednesday, March 27, 2019

မြန်မာနိုင်ငံ၏ အဓိက ဘိန်းစိုက်ပျိုးဒေသများဖြစ်သော ရှမ်းနှင့်ကချင်ပြည်နယ်တွင် ဘိန်း စိုက်ခင်းဧက ဟက်တာ ၄၁၀၀၀ ရှိရာမှ တစ်နှစ်အတွင်း ဟက်တာ ၃၆၁၀၀ အထိ လျော့ကျသွားကြောင်း UNODC ၏စစ်တမ်းတွင် ဖော်ပြ


မြန်မာနိုင်ငံ၏ အဓိက ဘိန်းစိုက်ပျိုးဒေသများဖြစ်သည့် ရှမ်းနှင့် ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဘိန်းစိုက်ခင်းဧက ဟက်တာ ၄၁၀၀၀ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၆၁၀၀ အထိ လျော့ကျသွားကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ၏၂၀၁၈ ခုနှစ် စစ်တမ်းအရသိရသည်။ 
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ခင်းဧကသည် ဟက်တာ ၃၇၃၀၀ ရှိပြီး နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးရာဒေသအား လုံး၌ စိုက်ပျိုးမှုနှုန်းသိသိသာသာ လျော့ကျလာကြောင်းနှင့် ယင်းပမာဏသည်၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဘိန်းစိုက်ခင်းဧကသည် ၂၀၁၄ ခုနှစ်မှ စ၍ လျော့ နည်းလာခဲ့ခြင်းဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ 

ချင်းနှင့် ကယားပြည်နယ်တို့တွင် ဘိန်းစိုက်ခင်းဧက စုစုပေါင်း ဟက်တာ ၁၂၀၀ ခန့် သာရှိခဲ့ကြောင်း၊ နိုင်ငံအတွင်းရှိ ဘိန်းစိုက်ပျိုးရာ ဒေသအားလုံး၌ ဘိန်းစိုက်ပျိုးမှုအရေအတွက် သိသိသာသာ လျော့ကျသွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခုနစ်ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရှစ်ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၇ ရာခိုင်နှုန်း နှင့် ကချင်ပြည်နယ်တွင် ၁၅ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေရသည့်အပြင် ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှု နောက်ကျသည့်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ ဘိန်းဖြူနှင့်စိတ်ကြွ ဆေးဝါးထုတ်လုပ်မှုပြဿနာ၊ သုံးစွဲမှုပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ မူးယစ်ဆေးစွဲသူများအတွက် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု ဖွင့်လှစ်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မက်သာဒုန်း အစားထိုးတိုက် ကျွေးမှုအစီအစဉ်အရ မက်သာဒုန်းတိုက်ကျွေးသည့်ဌာန ၅၁ ခုကိုလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 

ဆေးစွဲလူနာများအတွက် တစ်နေရာတည်းတွင် ကုသရေးဝန်ဆောင်မှု အားလုံးရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service လုပ်ငန်းများနှင့်ပြည်သူလူထု ဆေးကုသရေး ဝန်ဆောင်မှုပေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးအကြောတွင်းထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သော အိပ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါရောဂါပိုး (ဘီ၊ စီ)နှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အန္တရာယ်လျှော့ချရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးအခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွ ဆေးပြားထုတ်လုပ်မှု၊ သုံးစွဲမှုစသည့်စိန်ခေါ်မှုများ နှင့် ထပ်မံရင်ဆိုင်နေရခြင်းကြောင့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါးကင်း စင်ရေးရည်မှန်းချက်၊၂၀၁၅ ခုနှစ်အလွန်မူး ယစ်ဆေးဝါး လျှော့ချရေး လုပ်ငန်းစဉ်များနှင့် အညီစတုတ္ထငါးနှစ်စီမံကိန်းကို ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ထပ်မံတိုး မြှင့်ပြီး ထုတ်လုပ်မှုပပျောက်ရေးနှင့်သုံးစွဲမှု ပပျောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment