Monday, June 3, 2019

တက္ကသိုလ်ကျောင်းသူ ၂ ဦးမှုဒိန်းကျင့်ခံရမှု၊ ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ကျောင်းသားပစ္စည်းလု အသတ်ခံရမှု၊ မမြင်ကွယ်ရာတွင် ချိန်းတွေ့ရင်း အသတ်ခံရမှုများ စသည့် အမှုကြီး ၂၀ မှု ၃ နှစ်အတွင်း ပေါ်ပေါက်ခဲ့



၃ နှစ်တာ ကာလအတွင်း တက္ကသိုလ် ပရ၀ဏ်နှင့် ပြင်ပတို့ တွင် ဖြစ်ပွားခဲ့သော အမှုအရေအတွက်မှာ အမှုကြီး ၂၀ နှင့် အခြားအမှု ၃၀၀ ကျော် တို့ဖြစ်ပြီး အမှုကြီးများထဲတွင် တက္ကသိုလ်ကျောင်းသူ ၂ဦးမှုဒိန်းကျင့်ခံရမှု၊ ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ကျောင်းသားပစ္စည်းလု အသတ်ခံရမှု၊ မမြင်ကွယ်ရာတွင် ချိန်းတွေ့ရင်း အသတ်ခံရမှုများ၊ လုယက်ခံရမှုများ၊ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးမှုများ ပါဝင်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူက ပြောသည်။ 

၂၀၁၆ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှု အရေအတွက်များဖြစ်ကာ တက္ကသိုလ် ပရ၀ဏ်အတွင်း ဖြစ်ပွားခဲ့သည်က အမှုကြီး အနေဖြင့် ၂ မှုသာ ရှိကြောင်း ဒုတိယ၀န်ကြီး ကပြောသည်။ 
ယင်းအမှုများက ပဲခူးတက္ကသိုလ်ဝင်းအတွင်း ဆေးသုတ်သမားများ ရန်ဖြစ်ရာမှတဆင့် လူသတ်မှုဖြစ်ပွားခဲ့ခြင်းနှင့် မုံရွာတက္ကသိုလ် ကျောင်းဝင်းအတွင်း ဘောလုံးကွင်းအနား သမီးရည်းစားချိန်းတွေ့ရာမှ လုယက်ခံရခြင်းတို့သာ ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်သူက ဆက်ပြောသည်။ 
အခြားအမှုများသည်ကား ကျောင်းအတွင်း ဆိုင်ကယ်အခိုးခံရမှုက အများဆုံးဖြစ်ကာ ၉၉ မှု ရှိခဲ့ကြောင်းနှင့် ကျန်သည်က ခိုးမှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ နာကျင်စေမှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့သာ ဖြစ်သည်ဟု ဆက်ရှင်းပြသည်။ 
တက္ကသိုလ်ပရ၀ုဏ်နှင့် ပြင်ပတို့ တွင် ဖြစ်ပွားခဲ့သော အမှုများအနက် ပြင်ပတွင် ဖြစ်ခဲ့သော အမှုများက အရေအတွက်များနေပြီး ပြင်ပတွင် မှုခင်းဖြစ်မှုများက အမှုကြီး ၁၈ မှု၊ ထိုအထဲတွင် တက္ကသိုလ်ကျောင်းသူ ၂ ဦး မုဒိန်းကျင့်ခံရမှု၊ ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်ကျောင်းသားပစ္စည်းလု အသတ်ခံရမှု၊ မမြင်ကွယ်ရာတွင် ချိန်းတွေ့ရင်း အသတ်ခံရမှုများ၊ လုယက်ခံရမှုများ၊ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးမှုများဖြစ်သည်ဟု မှုခင်းမှတ်တမ်းများကို ကိုးကားကာ ဒုတိယ၀န်ကြီးက ပြောသည်။ 
အမှုကြီးအချို့ကို ဖော်ထုတ် တရားစွဲထားပြီး မမြင်ကွယ်ရာတွင် ချိန်းတွေ့ရင်း သေဆုံးမှုအချို့ကိုမူ စုံစမ်းစစ်ဆေးနေဆဲဟု သိရသည်။ 
အခြားအမှု ၂၀၇ မှုမှာ နာကျင်စေမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ၊ ပစ္စည်းအခိုးခံရမှုများသာ အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ 
ပုသိမ်ကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဌေးလင်းက လက်ရှိ တက္ကသိုလ်၊ကောလိပ် အများစုမှာ မြို့များ နှင့် ဝေးကွာပြီး သီးခြားစီ ဖြစ်နေသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကို ပိုပြီး ဂရုစိုက်ရန် လိုနေကြောင်း ပြောသည်။ 
ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးကို ပတ်ကင်း၊ လှည့်ကင်းများဖြင့် စစ်ဆေးပေးရန်လည်း ဦးအောင်ဌေးလင်းက တိုက်တွန်းခဲ့သည်။ 
နိုင်ငံတွင် တက္ကသိုလ် ၁၁၉၊ ကောလိပ် ၂၉ ခုရှိပြီး၊ တက္ကသိုလ်၊ ကောလိပ်များသို့ အပြင်လူများ မ၀င်နိုင်ရေး၊ ၀င်လိုပါကလည်း ဧည့်ကဒ်ဆွဲစေခြင်းဖြင့် ၀င်စေခြင်း၊ လုံခြုံရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းထဲ ရှိအဆောင်များတွင်သာ နေထိုင်နိုင်စေရေးအတွက် အဆောင်များ ဆောက်လုပ်နေခြင်း၊ လုံခြုံဘေးကင်းစေရေးအတွက် ကျောင်းတာဝန်ရှိသူများက ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေပါကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ 


ဇွဲခန့် 
Isee Media 

0 comments:

Post a Comment