Monday, July 1, 2019

သေဒဏ်အပြစ်စီရင်မှု ပြန်ကျင့်သုံးမယ့်အစီအစဉ်ကို ပြန်လည် စဉ်းစားရန် ကုလ အတွင်းမှူးချုပ်၏ တောင်းဆိုမှု သီရိလင်္ကာ သမ္မတ ပယ်ချ


သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၄၃ နှစ်အကြာအတွင်း ပထမဆုံး ပြန်လည်ကျင့်သုံးတော့မယ့် သေဒဏ်အပြစ်စီရင်မှုကို ပြန်လည်စဉ်းစားသုံးသပ်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ဖုန်းဆက် ပန်ကြားခဲ့ခြင်းအား သီရိလင်္ကာသမ္မတက တနင်္လာနေ့ (ဇူလိုင် ၁) မှာ လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရပါတယ်။ 
 
“ ကျွန်တော့်နိုင်ငံကို မူးယစ်ဆေးဝါးဘေးကနေ ကယ်တင်ချင်တယ်လို့  အတွင်းရေးမှူးချုပ်ကို ပြောလိုက်ပါတယ်” လို့  သမ္မတ မိုင်သရီပါလာ သီရိသနာ က ကိုလံဘိုမြို့မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ သေဒဏ်ကျ တရားခံလေးဦးကို ကွပ်မျက်ခွင့်ပြုကြောင်း မိမိ လက်မှတ်ရေးထိုးပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က အတွင်းရေးမှူးချုပ် ဖုန်းဆက်လာတာဖြစ်တယ်လို့  သီရိသနာက ပြောပါတယ်။ “ ကျေးဇူးပြုပြီး မူးယစ်ဆေးအန္တရာယ်ကိုတော့ နှိမ်နင်းပါရစေဗျာ” လို့  ပြန်ပြော ခဲ့ကြောင်း ၄င်းက ဆိုပါတယ်။ 
မူးယစ်ဆေးဝါး တရားခံလေးဦးကို သေဒဏ်စီရင်ခွင့်ပြုချက်အား မိမိ လက်မှတ်ရေးထိုး အတည်ပြု ပေးခဲ့ကြောင်း သီရိသနာက ဇွန်လ ၂၆ ရက်နေ့ မှာ သတင်းထောက်တွေကို ပြောဆိုထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကွပ်မျက်ခံရမယ့် တရားခံတွေရဲ့ အမည်နာမတွေကို ပြောဆိုခဲ့ခြင်းမရှိသလို ၄င်းတို့ တွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကွပ်မျက်စီရင်မယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ 
သီရိလင်္ကာနိုင်ငံမှာ သေဒဏ် ကွပ်မျက်စီရင်မှုကို ပြန်လည်ကျင့်သုံးလာပါက ကုန်သွယ်ခွန်အထူး သက်ညှာခွင့် (GSP) ပေးထားတာကို ရုပ်သိမ်းသွားမယ်ဆိုတဲ့ ဥရောပသမဂ္ဂ (အီးယူ) သံတမန်တွေရဲ့ ၄င်းအပေါ် ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်ပြီး အီးယူဟာ မိမိနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာ ဖြစ်ကြောင်း သမ္မတက စွပ်စွဲခဲ့ပါတယ်။ 
သီရိလင်္ကာနိုင်ငံမှာ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှောင်ခိုသွင်းမှုနဲ့  လူသတ်မှုတွေကို သေဒဏ်ပေးလေ့ ရှိပေမယ့် ၁၉၇၆ ခုနှစ်နောက်ပိုင်း ကွပ်မျက်ခြင်း မရှိတော့ပါဘူး။ နိုင်ငံမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် ကြိုးပေးကွပ်မျက်ခြင်းကို ပြန်လည်ကျင့်သုံးမှာ ဖြစ်ကြောင်း သမ္မတ မိုင်သရီပါလာ သီရိသနာ က ပြောဆိုခဲ့ပါတယ်။



ကိုလင်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment