Monday, July 29, 2019

မိုးကုတ်တွင် ကျောက်ထွက်နိုင်သည့် လုပ်ကွက်များကိုသာ ချထားပေးရန် တောင်းဆို

မကြာမီ အတည်ပြုလာမည့် ကျောက်မျက်ရတနာ နည်းဥပဒေမူကြမ်းတွင် မိုးကုတ်ဒေသခံ လက်လုပ်လက်စားများ လုပ်ကိုင်စားသောက်၍ရရှိပြီး ကျောက်ထွက် နိုင်သည့် လုပ်ကွက် ၃၃ ရာနှုန်းပါသော လုပ်ကွက်များကိုသာ ချထားပေးရန် တောင်းဆိုကြောင်း မိုးကုတ်ဒေသခံများနှင့် ကျောက်မျက် ဥပဒေအကြံပြုကော်မတီက ပြောကြားသည်။
မိုးကုတ်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ မဟာမုနိဘုရားဝင်းအတွင်း ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျောက်မျက်နည်းဥပဒေနှင့် ပတ်သက်ပြီး ကျောက်မျက်ဥပဒေအကြံပြု ကော် မတီက ဦးဆောင်ကာ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ပြောဆို ခဲ့ခြင်းဖြစ်သည်။

“လက်လုပ်လက်စားတွေ လုပ်ကိုင်လို့ရတဲ့ အနေအထားမျိုး မတွေ့ရဘူး။ အဓိက က အသေးစားနဲ့ လက်လုပ်လက်စားဆိုပြီး ဇုန် ၃ ဇုန် သတ်မှတ်ထားတာရှိတယ်။ ဧကပေါင်း ၈၂,၁၀၀ ကျော်ရှိပါတယ်။ အဲဒါတွေက တကယ်တမ်း ကျောက်မထွက်တဲ့ နေရာတွေ အစွန်အဖျားတွေကို ပို့ထားတာပါ။ ဒါကို လုံးဝ လက်မခံပါဘူး”ဟု မိုးကုတ်မြို့ ကျောက်မျက်ဥပဒေအကြံပြု ကော်မတီဝင် ဦးဇော်ဝင်းက ပြောဆိုသည်။

ကျောက်မျက်ရတနာ အမှန်တကယ် ထွက်ရှိပြီး ဝန်ကြီးဌာနက သတ်မှတ်လုပ်ကွက်များအနက် လေးပင်၊ ကိုးပင်၊ တွင်းလုံး၊ လက်ကြား၊ လူနှင့် လက်မျော စသည့် စက်ကိရိယာငယ်များဖြင့် တူးဖော်နိုင်သော သတ်မှတ်လုပ်ကွက်များအနက်မှ တူးဖော်နိုင်သည့် လုပ်ကွက် ၃၃ ရာခိုင်နှုန်း သတ်မှတ်ပေးရန် တင်ပြတောင်းဆိုထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အမှန်တကယ် အများကြီး မထွက်နိုင်တဲ့ နေရာတွေဖြစ်လို့ နီးနီးနားနားလေးမှာပဲ ကျောက်မျက်လုပ်ကွက်ဌာန၊ သတ္တုတွင်းဌာနမှာရှိတဲ့ လုပ်ကွက်တစ်သောင်းကျော်ထဲမှာ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ချင်ပါတယ်”ဟု မိုးကုတ်မြို့နယ်၊ ရေအေးကျေးရွာဒေသခံ ဦးမြင့်ထူးက ပြောဆိုသည်။

မိုးကုတ် ကျောက်မျက်ရတနာတူး ဖော်ရေးဌာန တိုင်းတာချက်များအရ လက်လုပ်လက်စားများအတွက် ဧက ၈၀,၀၀၀ ကျော် လျာထားရာ လောင်းစင်၊ ရေဝေ၊ ပင်သပြေ စသည့်ကျေးရွာများတွင် ဧက ၆၀၀၀၀ ကျော်၊ ပိန်းပြစ်စသည့် ကျေးရွာများတွင် ဧက ၁၀,၀၀၀ ကျော် ကျောက်ပုံ စသည့်ကျေးရွာများတွင် ဧက ၆၀၀၀ ကျော် သတ်မှတ်ထားသည်။

ကျောက်မျက်ရတနာဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက အတည်ပြု ထုတ်ပြန်ခဲ့ပြီး ယခုအခါ နည်းဥပဒေရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။

“ပြီးခဲ့တဲ့ခေတ်မှာ ကုမ္ပဏီတွေက တူးဖော်ခွင့်ရပြီး ဒေသခံတွေက ဆင်းရဲကျပ်တည်းလာတယ်။ ဒေသခံအများစု ဖွံ့ဖြိုးစေချင်တာ။ ဒါမှ မူးယစ်ဆေးဝါးနဲ့ ခိုးဆိုးလုယက်မှုတွေ နည်းပါးလာမှာဖြစ်တယ်။ ဒါဟာ မြို့စီးပွားရေးကျဆင်းလာလို့ ဖြစ်တာ။ နည်းဥပဒေမှာ မျှတတယ် ထင်ရပေမယ့် မြေပြင်မှာ လုပ်ကွက်တွေ လျာထားတာ မျှတမှုမရှိဘူး”ဟု မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်မှ ဦးစိုးမြင့်က ပြောဆိုသည်။

The Voice

0 comments:

Post a Comment