ပြည်ခိုင်ဖြိုးပါတီ ရုံးအဖြစ် အသုံးပြုနေသည့် မြေကွက်တစ်ကွက် ဂရန်ထုတ်ပေး ထားမှုသည် ဥပဒေနှင့်ညီညွတ် ခြင်းမရှိ၍ ပြန်လည်ပယ်ဖျက်ရန် ရန်ကုန်တိုင်းအစိုးရက ဆုံးဖြတ် ထားသော်လည်း သုံးနှစ်ခန့်ကြာ ချိန်အထိ ဆက်လက်အသုံးပြုနေ ဆဲဖြစ်ကြောင်း ဒီချုပ်အမတ် ဒေါက်တာ မေ၀င်းမြင့်က ပြောသည်။
မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအဖြစ် အသုံးပြုနေသည့် ၁၀၀ ပေ × ၈၅ ပေ မြေကွက်သည် ယခင်က အ များပိုင် ကလေးကစားကွင်းအဖြစ် ရှိခဲ့ပြီး တပ်မတော်အစိုးရလက် ထက်တွင် ပြည်ခိုင်ဖြိုးအသင်းသို့ ဂရန်ချပေးခဲ့ကာ လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ရုံးအဖြစ် အသုံးပြုနေသည်ဟု ၎င်းက ပြော သည်။
ယင်းမြေကွက်နှင့်ပတ်သက် ၍ အများပြည်သူ ပြန်လည်သုံးစွဲ ခွင့်ရရှိရန် ယခင်နှင့် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်များအပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တင်ပြတောင်း ဆိုခဲ့သော်လည်း ယခုအချိန်အထိ တိကျသည့် အကြောင်းပြန်ကြား ချက်မရသေးကြောင်း ဒေါ်မေ၀င်း မြင့်က ယမန်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်း ထုတ်သည်။
အထက်ပါ မေးခွန်းကို လာရောက်ဖြေကြားသည့် နေပြည် တော်ကောင်စီဝင် ဦးညီထွန်းက အဆိုပါမြေကွက်နှင့် ပတ်သက် သည့် တင်ပြမှုများအရ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ်ခဲ့ရာ ပြည်ခိုင် ဖြိုးအသင်းသို့ နှစ် ၆၀ မြေငှားဂရန် ထုတ်ပေးမှုသည် ဥပဒေနှင့် ညီညွတ်မှုမရှိသည်ကို တွေ့ရှိခဲ့ သည်ဟု ဆိုသည်။
အဆိုပါ မြေကွက်သည် မြေပိုင်မြေအဖြစ် သတ်မှတ်ခံထားရ ပြီး မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာ နည်းဥပဒေအရ မြေသိမ်းခွင့်အာဏာသည် ပြည်ထဲရေးဝန် ကြီးဌာနတွင်သာ ရှိသော်လည်း ၀န်ကြီးဌာနသို့ မတင်ပြဘဲ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ဥပဒေအရ သိမ်းယူခဲ့သည်ကို စိစစ် တွေ့ရှိရသည်ဟု ဦးညီထွန်းက ပြောသည်။
ထို့ကြောင့် ပြည်ခိုင်ဖြိုးအ သင်းအမည်ဖြင့် ထုတ်ပေးထား သော မြေဂရန်ကို ပယ်ဖျက်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့က ၂၀၁၆ ဇူလိုင်လကုန်ပိုင်း တွင် ဆုံးဖြတ်ခဲ့ပြီး မြေဂရန်ပြန် လည်အပ်နှံရန် ရန်ကုန်တိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးပါတီသို့ ၂၀၁၆ သြဂုတ်တွင် အကြောင်းကြားခဲ့ သည်ဟု ၎င်းက ရှင်းလင်းသည်။
‘‘ဒါပေမဲ့ မနေ့ကအထိကို ဒီအသင်းက ဆိုင်းဘုတ်လည်း မဖြုတ်သေးဘူး၊ ပြန်လည်းမအပ် သေးဘူး။ ပတ်ပတ်လည်မှာရှိတဲ့ ဆိုင်ခန်းတွေရဲ့ ဈေးကောက် တောင်မှ ပေးနေရသေးတာဖြစ်ပါ တယ်။ ဘာကြောင့် ဒီလောက်အထိ ကြာအောင် တည်ရှိနေတာလဲ’’ ဟု ဒေါက်တာမေ၀င်းမြင့်က ထပ် မံမေးမြန်းသည်။
နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကမူ လက်တွေ့ဆောင် ရွက်နေမှုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သာ ဖြေကြားနိုင်မည်ဖြစ်၍ ပြန်လည်မေးမြန်း၍ ဖြေကြားမည်ဟု ပြောသည်။
ယင်းမြေကွက်နှင့်ပတ်သက် ၍ ဂရန်ပယ်ဖျက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ အကြောင်းကြားစာကို လက်ခံရရှိ ထားကြောင်း မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းကလည်း အတည်ပြုပြီး ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက် မည်ဟု ဆိုသည်။
ယင်းမြင်နေရာကို ၁၉၉၃ ကပြည်ခိုင်ဖြိုးအသင်း စတင် ပေါ်ပေါက်လာချိန်တွင် အမှတ်(၂)ရပ်ကွက် အသင်းရုံးအဖြစ် အသုံး ပြုရန် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး က ခွင့်ပြုခဲ့ပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဂရန်ချ ထားပေးခဲ့သည်ဟု ဆိုသည်။
‘‘ကလေးတွေတော့ ကစားပါတယ်။ သို့သော် စည်ပင်သာယာ ပန်းဥယျာဉ်နဲ့ အားကစားကွင်း များ ဌာနမှာလည်း မရှိပါဘူး။ အားကစားဝန်ကြီးဌာနမှာလည်း အားကစားကွင်းဆိုပြီး သတ်မှတ် ထားတာမရှိဘူး။ အဲဒါကို ကလေးကစားကွင်းဆိုပြီးတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးက မတရားသိမ်း တယ်ဆိုပြီး ပုံဖျက်တာပေါ့’’ ဟု ၎င်းက ဆိုသည်။
7Day
0 comments:
Post a Comment