Monday, July 1, 2019

မီတာခတိုးမြှင့်ကောက်ခံခြင်းအပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်


ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ပြီး မီတာခ တိုးမြှင့်ကောက်ခံခြင်းအပေါ် ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို လူ အင်အား ၅၀ ကျော်ဖြင့် ရန်ကုန်မြို့ ပုဇွန် တောင်မြို့နယ် ပုဇွန်တောင်ဥယျာဉ် အိမ်ရာရှေ့၌ ဇူလိုင် ၁ရက် နံနက် ၈နာရီက ပြုလုပ်ခဲ့သည်။ 
‘ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရ တာက ပြည်သူ့ဆန္ဒမပါဘဲ မီတာခတိုးမြှင့် ကောက်ခံတဲ့အပေါ်မှာ ဒါကို ကန့်ကွက် တဲ့အနေနဲ့ ကျွန်တော်တို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ မီတာခ တိုးမြှင့်ကောက်ခံ လိုက်တဲ့အတွက် ပြည်သူလူထုက စားဝတ် နေရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး အခက် အခဲ ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ပိုပြီးခက်ခဲအောင်လုပ် လိုက်တာပါ။ ပြည်သူလူထုကို ပိုပြီးဆင်းရဲ ဒုက္ခဖြစ်အောင် လုပ်လိုက်တယ်လို့ပဲ ကျွန် တော်တို့မြင်ပါတယ်’ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းက ပြော သည်။ 
ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား ၅၀ ကျော်ဖြင့် ပုဇွန်တောင်လမ်းမကြီး ပုဇွန် တောင် ဥယျာဉ်အိမ်ရာ ရှေ့မှစတင်၍ အထက်ပုဇွန်တောင်လမ်း အမှတ် (၅) ရပ်ကွက် အနော်ရထာလမ်း၊ ဗိုလ်မြတ်ထွန်းလမ်းအတိုင်း ဗိုလ်ချုပ်လမ်းမကြီးသို့ ချီတက်ကာ ဗိုလ် တထောင်လမ်းမကြီး၊ အမှတ်(၂) သာယာကုန်းလမ်း၌ ဆန္ဒထုတ်ဖော်ပွဲ အဆုံးသတ်ခဲ့ ကြောင်း သိရ သည်။ 
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒထုတ်ဖော်သူများက ‘ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ’၊ ‘လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှု ချက်ချင်းရပ်’၊ ]ပြည်သူ့ဆန္ဒ အရေးပေးရေး ဒို့အရေး’ စသည့်ကြွေးကြော်သံများဖြင့် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဇူလိုင် ၁ ရက်မှစတင်ကာ နေအိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံးများတွင် လျှပ်စစ်ဓာတ်အားခနှုန်း ထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ 

သတင်း – စည်သူဟိန်း
The Standard Time Daily

0 comments:

Post a Comment