စံချိန်တင်ဈေးသို့ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာသော ပြည်တွင်းရွှေဈေးနှုန်းသည် ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းအောက်သို့ ပြန်လည်ရောက်ရှိကြောင်း ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေးသည် ဇွန်လ ၂၁ ရက်နေ့က ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းကျော်သို့ စတင်ရောက်ရှိခဲ့ပြီးနောက် ဆက်တိုက်မြင့်တက်ခဲ့ရာမှ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ ဈေးနှုန်းများပြန်လည် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာ့ရွှေဈေး ကျသွားလို့ပါပဲ။ ကမ္ဘာ့ရွှေဈေးကျတာ ဘာကြောင့်ကျလဲတော့ မပြောနိုင်ဘူး။ တော်တော်တော့ ကျသွားတယ်။ အစက (တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ) ၁၄၀၀ ကျော်ကနေ အခု ၁၄၀၀ အောက်ရောက်သွားပြီ။ လက်ရှိ ရွှေအရောင်းအဝယ်က အရောင်းအဝယ် အေးတဲ့ရာသီမို့ အေးနေတယ်”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။
ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာခန့်နှင့် ပြည်တွင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းနီးပါး ကျဆင်းသွားကြောင်း ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၈၇ ဒေါ်လာနှင့် ပြည်တွင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၀၉၇,၀၀၀ ဈေးရှိကြောင်း ယင်းရွှေဈေးကွက်အတွင်းမှ သိရသည်။
The Voice
0 comments:
Post a Comment