Monday, July 1, 2019

ဆေးခြောက်စိုက်ခင်းဟုဆိုကာ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးအား မြင်းခြံခရိုင် တရားရုံးတွင် စတုတ္ထအကြိမ် ရုံးထုတ်ကာ တရားခံပြေးမှုနှင့် ရာဇဝတ်ကြီးအမှုအတွက် တရားလိုသက်သေနှစ်ဦးကို တစ်ပေါင်းတည်း စတင်စစ်ဆေး


ဆေးခြောက်စိုက်ခင်း ဟုဆိုကာ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်း တာဝန်ခံ နှစ်ဦးအား မြင်းခြံခရိုင် တရားရုံးတွင် ဇွန် ၁၈ ရက်က တတိယအကြိမ် ရုံးထုတ်ကာ တရားခံပြေးမှုဖြင့် တရားစွဲတင် ထားသည့် IIIM ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် သုံးဦး အပါအဝင် အမေရိကန်နိုင်ငံသား ငါးဦးအမှုမှ တရားလို သက်သေ နှစ်ဦးအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 
လူမှုကွန်ရက် စာမျက်နှာများတွင် ဆေးခြောက်စိုက်ခင်းဟု ပျံ့နှံ့ခဲ့မှုအရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅၀ ခန့်ရှိ အမေရိကန်နိုင်ငံ IIIM ကုမ္ပဏီ၏ သုတေသန စိုက်ခင်းအား မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ ဧပြီ ၂၂ ရက်က ဝင်ရောက် စစ်ဆေးခဲ့ကာ စိုက်ပျိုးပင်များအား နမူနာယူ ဓာတ်ခွဲ စမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် စိုက်ခင်း တာဝန်ခံနှစ်ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးအား ဖမ်းဆီးကာ ငါန်းဇွန်မြို့နယ် ရဲစခန်းအချုပ်မှ မြင်းခြံထောင်ကြီးချုပ်သို့ မေ ၁၆ ရက်တွင် ပြောင်းရွှေ့ ပို့ဆောင်ထားခြင်း ဖြစ်သည်။ 
“ ကနေ့ မန္တလေးတောင် မူးယစ်တပ်ဖွဲ့ (၁၈)က တရားလို ရဲအုပ်လင်းထွန်းနဲ့ လိုပြသက်သေ ဒုရဲအုပ် အောင်ဇော်လင်းတို့ နှစ်ယောက်ကို စစ်ဖြစ်တယ်။ အကြောင်းအရာကတော့ သူတို့ တိုင်ချက်ဖွင့်ထားတဲ့ တိုင်ချက်ပါအတိုင်း ရာကြီးအမှု ဆေးခြောက်စိုက်ခင်းလို့ ယူဆရလို့ ဖမ်းတယ် အရေးယူတယ်ပေါ့။ပြောမယ်ဆို ကနေ့က တရားခံပြေးမှုကို သူတို့ မျက်ကွယ်မှာ စစစ်တာ ဖြစ်သလို မစ္စတာဂျွန် တို့ပါတဲ့ ရာကြီးအမှုကိုပါ စစစ်တာပါ။ နောက်တစ်ပတ်ကို ဇူလိုင် ၁၂ ရက်ကို ချိန်းဆိုပြီး အဲဒီကျရင်လည်း တရားလိုနဲ့ လိုပြ သက်သေကို ထပ်စစ်မှာ။ ဒီဘက်ကတော့ မူးယစ်ရာနှုန်း အတိအကျသိဖို့ ဓာတ်ခွဲ စမ်းသပ်ပေးဖို့နဲ့ မှားယွင်းနေတဲ့အကြောင်း ထုချေသွားမှာပါ” ဟု ကုမ္ပဏီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောကြားသည်။ 
“ ကနေ့က မစ္စတာဂျွန်တို့ ရာဇဝတ်ကြီး အမှုကြီးရော တရားခံပြေး အမှုရောကို တစ်ပေါင်းတည်း စစစ်လိုက်တာ။ တရားခံပြေး အမှုကတော့ မျက်ကွယ် စစ်တာပေါ့။ လိုပြသက်သေ နှစ်ယောက်ပါ”ဟု မြင်းခြံခရိုင် တရားရုံးမှ အရာထမ်း တစ်ဦးက ဆိုသည်။ 
အမေရိကန်နိုင်ငံ IIIM အာဟာရ ဆေးဝါးကုမ္ပဏီမှာ ဇီဝလောင်စာနှင့် သဘာဝ ဆေးဘက်ဝင် လျှော်ပင် စမ်းသပ် စိုက်ပျိုးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းသည့် သဘာဝ ဂုန်လျှော်မျိုးစေ့ United States (Kompolti/AB Seeds) and EU(Kompolti/EU8)seeds ကို ၂၀၁၈ ခုနှစ် မေလခန့်မှ စတင်ကာ တရားဝင်သုတေသနပြုလုပ် စိုက်ပျိုးနေခြင်းဖြစ်ပြီး ယင်းစိုက်ပျိုးပင်များတွင် ဆေးခြောက် အာနိသင်နှင့် မူးယစ်ဆေးဝါး ပါဝင်မှု ရာခိုင်နှုန်းကို အတိအကျသိရန် ထပ်မံ ဓာတ်ခွဲရန် လိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောကြားထားသည်။ 
ဆေးခြောက်ဟု ဓာတ်ခွဲစမ်းသပ် အဖြေထွက်ပေါ်ထားသော်လည်း ယင်းစိုက်ပျိုးပင်များမှာ ဆေးခြောက မျိုးနွယ်စုဝင် အပင်များ ဟုတ် မဟုတ်နှင့် မူးယစ်ဆေးဝါးပါဝင်မှု ရာခိုင်နှုန်း အတိအကျအား ဓာတ်ခွဲစမ်းသပ်ရန် မြန်မာနိုင်ငံတွင် ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။ 


Eleven Media Group






0 comments:

Post a Comment