Monday, July 29, 2019

ဥပဒေ ပြင်ပြီးမှ လူ့အခွင့်အရေး ကော်မရှင် အသစ် ပြန်ဖွဲ့သင့်ဟု ဆို


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ဦးစွာ ပြင်ဆင်ပြီးမှသာ သက်တမ်းကုန်ဆုံးတော့မည့် လူ့ အခွင့်အရေး ကော်မရှင်ကို အသစ် ပြန်ဖွဲ့ရန် သင့်လျော်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပြောသည်။

လက်ရှိ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) သည် လာမည့် စက်တင်ဘာ လ ၂၄ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်နေသည့် အစိုးရ အနေဖြင့် အသစ် ပြန်လည် ဖွဲ့စည်းရမည် ဖြစ်သည်။
လက်ရှိ အဆိုပါ ကော်မရှင် ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်များနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေသည် ကော်မရှင် ဖွဲ့စည်းရန် စိစစ်ရွေး ချယ်သည့် အဖွဲ့တွင် ပါဝင်သူများက အစ လုပ်ပိုင်ခွင့်ကို ပြတ်သားစွာ ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် နောက် အသစ် ဖွဲ့မည့် ကော်မရှင်အဖွဲ့တွင်လည်း ယခု ဥပဒေအတိုင်းသာ လုပ်နေကြရဦးမည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
ဦးဘိုကြည်က“ဥပဒေရဲ့ မူရော၊ ကော်မရှင်နာ အဖွဲ့မှာ ပါမယ့် လူကိုရော ပြင်ဖို့လိုတဲ့နေရာမှာ မူကိုအရင်ပြင်ဖို့ ကြိုးစား ရမယ်။ လူက မကြာခင်မှာ ပြင်လာမှာပဲ။ မူအရ ဘယ်သူပဲလာလာ ဒီမူအတိုင်းကတော့ လုပ်ရကိုင်ရ ခက်နေဦးမှာပဲ။ ဒီမူ အတိုင်းနဲ့ လူပြောင်းပြီး လူ့အခွင့်အရေးကို ကာကွယ်ခိုင်းနေရုံနဲ့တော့ အလုပ်မဖြစ်ဘူး”ဟု ဆိုသည်။
လက်ရှိ ဥပဒေ အရ အဆိုပါ ကော်မရှင်တွင် ပါဝင်မည့်သူများကို စိစစ်ရွေးချယ်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဟု ပြည်သူအများက ဝေဖန်နေကြသည့် ပြည်ထဲရေး ဝန်ကြီးဌာနလို တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့ဖူး သူများ၊ စစ်အစိုးရ လက်ထက်တွင် အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ လွှမ်းမိုးနေသည့် အချက်ကပင် ပြင် ဆင်ရမည့် အနေအထားဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယခု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ဥပဒေကို ပြည်သူအများ ဝေဖန်နေကြသည့် အတိုင်း ပြန်လည် ပြင်ဆင် နိုင်ရန် အတွက် သက်ဆိုင်ရာ လွှတ်တော် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရှင်များ၊ အစိုးရ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆွေးနွေးပြီးနောက် ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်ခြင်း အဆင့်သည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး သို့ပင် တင်ပြထားပြီး ဖြစ်သည်ဟု လူ့အခွင့်အရေး ကော်မရှင်၏ တိုင်ကြားစာများ ကော်မတီမှ တာဝန်ရှိသူ ဦးယုလွင်အောင် က ပြောသည်။
ဦးယုလွင်အောင်က“အခု ရှေ့နေချုပ်ရုံးက ပြန်ကျလာရင် ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ပြန်သုံးသပ်ပြီး လွှတ်တော်က ဥပဒေကြမ်း ကော်မတီကို ပို့မယ်။ လွှတ်တော်ထဲ ဆွေးနွေးပြီးရင် အတည်ပြုချက် လုပ်တာနဲ့ ဒီဥပဒေက ပြင်ဆင်ပြီး သား ဟာ အသက်ဝင်မှာပဲလေ။ ဘယ်တော့ဆိုတာတော့ ကျနော်တို့ အတိကျ မသိသေးပါဘူး။ အသစ်ဖွဲ့မယ့် အဖွဲ့ကို သမ္မတက ကြေညာပြီးမှ ကျနော်တို့က တာဝန်လွှဲအပ်ရမှာပေါ့။ ကျနော်တို့ သက်တမ်း အတွင်း ပြင်ဆင်သင့်တာတွေ ကို ပြင်ဆင်နိုင် ဖို့ တော့ ကြိုးစားခဲ့ကြပါတယ်”ဟု ဆိုသည်။
လူ့အခွင့်အရေး ကော်မရှင် ဥပဒေနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလကတည်းက အရှေ့တောင်အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ကျွမ်းကျင်ပညာရှင် ၂ ဦးနှင့်အတူ လွှတ်တော်အဖွဲ့အစည်းများ၊ ဥပဒေ ကျွမ်းကျင်သည့် ပညာရှင်များ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ပုဂ္ဂိုလ်များနှင့် အရပ်ဘက် အဖွဲ့အစည်းတချို့တို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြသည်။
ယင်း ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ပြင်ဆင်ရမည့် အချက်များ ပြန်လည် ပြင်ဆင်နိုင်ရန် အတွက် ပြင်ဆင်ရေး ဥပဒေ ကြမ်း ပြုလုပ်ခဲ့ပြီး ရှေ့နေချုပ်ရုံး ၏ သဘောထား မှတ်ချက်ကို တောင်းခံခဲ့ခြင်း ဖြစ်သည်။
ရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက် ပြန်ရလာသည်နှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများနှင့် ညှိနှိုင်းကာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံသို့ ပေးပို့သွားရမည်ဟု သိရသည်။
လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၏ ပြင်ဆင်ရမည့် အချက်များတွင် ကော်မရှင်အဖွဲ့ကို လုပ်ပိုင်ခွင့်ပေးသည့် အချက် များ ကိုလည်း ပြင်ဆင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ကော်မတီမှ စည်းရုံးရေးမှူး မသဉ္ဇာရွှန်း လဲ့ရည်က ပြောသည်။
လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အဖွဲ့အစည်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးခွင့်ရှိရန်၊ တရား ရုံး များတွင် စစ်ဆေးဆဲ ကာလ၊ စစ်ဆေးအပြီး ကာလများတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဖြစ်ပေါ်နေခြင်း ကို စစ်ဆေးခွင့်ရှိရန်၊ လူ့အခွင့်အရေး ကော်မရှင်မှ စုံစမ်းစစ်ဆေး အပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကို တွေ့ရှိခဲ့လျှင် ယင်း ကော်မရှင်မှ ပင် တရားစွဲဆိုခွင့် ရှိရန် စသည့် အချက်များကိုလည်း ပြင်ဆင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထို့ပြင် လက်ရှိ ဥပဒေအရ အကျဉ်းထောင်များကို စစ်ဆေးမည်ဆိုလျှင် ကြိုတင် အကြောင်းကြားရခြင်းကို ပြင်ဆင်ပြီး မည် သည့် ထောင်မဆို ရှောင်တခင် စစ်ဆေးခွင့်ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် ကော်မရှင်၏ တင်ပြချက်များကို အစိုးရထံ ခွင့်ပြုချက် တင်နေရခြင်းသည်လည်း ပြင်ဆင်ရမည် ဖြစ်ကြောင်း မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။
မသဉ္ဇာရွှန်းလဲ့ရည်က“တရားရုံးတွေမှာ စစ်ဆေးဆဲ ကာလဆိုရင် လူ့အခွင့်အရေး ကော်မရှင်က ကိုင်တွယ်ခွင့် ဥပဒေ က ပေးမထားဘူး။ နိုင်ငံတကာမှာ တရားရုံးတွေကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ဥပဒေ စိုးမိုးရေး အခြေအနေအရ အချိန်အတိုင်းအတာ တခုထိတော့ ပေးထားဖို့ လိုတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုကို စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုရင် ဌာနဆိုင်ရာ အကုန်လုံးမှာ လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒရှိရမယ်။ ရဲဌာန ရော၊ တရားရုံးရော အကုန်လုံး ဒီမူဝါဒရှိဖို့မှာ ကော်မရှင်မှာ တာဝန်ရှိတယ်”ဟုလည်း ပြောဆိုသည်။
လာမည့် သြဂုတ်လဆန်း ၅ ရက်နေ့တွင် AAPP အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့မှ ကိုယ်စားလှယ်များသည် လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဥပဒေပြု မဏ္ဍိုင်ဖြစ်သည့် လွှတ်တော် အဖွဲ့အစည်းများ နှင့် ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

ဧရာဝတီ

0 comments:

Post a Comment