Monday, July 29, 2019

ထိုင်ဝမ်အနီး ရေပြင်တွင် ပြည်မကြီးက စစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်ပြည်မကြီးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အနီး ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်နေသည်ဟု တရုတ်ရေကြောင်းသွားလာမှု လုံခြုံရေးဌာနက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးအတွက် ရည်ရွယ်သော မည်သည့်လှုပ်ရှားမှုမဆိုရှိလာပါက စစ်ခင်းကျင်းရန် အဆင်သင့်ရှိသည်ဟု ဘေဂျင်းက ထပ်မံကြေညာခဲ့ပြီး နောက်ရက်ပိုင်းအတွင်း တရုတ်ရေကြောင်း သွားလာမှု လုံခြုံရေးဌာနက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မည့် အစီအစဉ်တွင် မည်သည့်အချိန်တွင် ပြုလုပ်မည်၊ မည်သည့် တပ်ဖွဲ့အမျိုးအစားများ ပါဝင်မည်ကို ရေကြောင်းလုံခြုံရေးဌာနက အသေးစိတ် ပြောကြားခြင်း မရှိသော်လည်း ပြုလုပ်မည့်နေရာမှာ ဂွမ်ဒေါင်းနှင့် ဖူဂျီယန်းပြည်နယ်များ၏ ကမ်းလွန်ပင်လယ်ပြင်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းအနောက်ဘက်တွင် တည်ရှိသည်ဟု ပြောကြားသည်။ သတ်မှတ်ထားသောကာလမှာ တနင်္လာနေ့ နံနက် ၆ နာရီမှ သောကြာနေ့ ညနေ ၆ နာရီအထိ ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် စစ်ရေးလေ့ကျင့်မှုများအတွက် ထိုင်ဝမ်ကျွန်း အနောက်မြောက်ဘက်ရှိ ရှီကျန်းပြည်နယ် ကမ်းရိုးတန်း ကမ်းလွန်ကို ကြာသပတေးနေ့ ညပိုင်းအထိ သွားလာခွင့်ပိတ်ထားမည်ဟု ဆိုသည်။

တရုတ်ပြည်မကြီးက ထိုင်ဝမ်နိုင်ငံကို ၎င်း၏ လက်အောက်ခံနယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကျွန်းအား ဘေဂျင်းလက်အောက်သို့ ပြန်လည်သိမ်းသွင်းရေးအတွက် စစ်ရေးနည်းလမ်း အသုံးပြုနိုင်ခြေကို မည်သည့်အခါကမှ ဖယ်ထုတ်ခဲ့ခြင်း မရှိပေ။

တရုတ်ပြည်မသည် မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကျွန်းပတ်လယ်တွင် စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ပြီး ကျွန်းကိုဝိုင်းသည့် လေ့ကျင့်မှုဟု ဘေဂျင်းက ပြောလေ့ရှိသော လေ့ကျင့်ခန်းများအတွက် စစ်လေယာဉ်များ စေလွှတ်ပျံသန်းခြင်းနှင့် စစ်ရေယာဉ်များ စေလွှတ်ခုတ်မောင်းခြင်းတို့ကို ပုံမှန် ပြုလုပ်လျက်ရှိသည်။

ထိုင်ဝမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဘေးကင်းလုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်မှု ရှိစေရေးတို့အတွက် ရေလက်ကြားရှိ အနေအထားကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပြောကြားသည်။

ထိုင်ဝမ်စစ်တပ်သည် အဓိကကျသော ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ရန် ဆက်လက်လုပ်ဆောင်နေပြီး နိုင်ငံလုံခြုံရေးအတွက် ကာကွယ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှု အပြည့်ရှိသည်ဟု ကာကွယ်ရေးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် ၎င်း၏ နှစ်စဉ် လုပ်ဆောင်နေကျ စစ်ရေးလေ့ကျင့်မှုကို မေလအတွင်းက ပြုလုပ်ခဲ့ပြီး ကြီးထွားလာသော ပြည်မကြီး၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ဆုံးဖြတ်ထားသည်။

ထိုင်ဝမ်ကို ခေတ်မီစစ်လက်နက်များ ထပ်မံရောင်းချပေးရန် အမေရိကန်က မကြာသေးမီက ဆုံးဖြတ်ခဲ့ပြီးနောက်တွင် ထိုင်ဝမ်အား ပြည်မကြီးမှခွဲထုတ်ရန် ကြိုးစားသူမှန်သမျှကို တရုတ်နိုင်ငံက စစ်ဆင်နွှဲသွားရန်အဆင်သင့်ရှိသည်ဟု ဘေဂျင်းက ပြီးခဲ့သောအပတ်က ထပ်မံပြောဆိုခဲ့သည်။   

The Voice

0 comments:

Post a Comment