Monday, July 1, 2019

ရေအောက်ဥမင်ပါသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ငါးပြတိုက် တည်ဆောက်မှု အတွင်းပိုင်း ငါးထည့်ရန်သာ ကျန်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးအောင် ဆောင်ရွက်နေဟုဆို


ရန်ကုန်မြို့ ကန်တော်ကြီး အမျိုးသားသဘာဝဥယျာဉ်အတွင်းပေါ်၌ တည်ဆောက်နေသည့် ရေအောက်ဥမင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးပြတိုက်သည် လက်ရှိတွင် အတွင်းပိုင်း ငါးထည့်ရန်သာ ကျန်ရှိနေပြီး ၂၀၂၀ တွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း အဆိုပါ ငါးပြတိုက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Mottama Development Group မှ Director ဖြစ်သူ ဦးတင်မောင်ထွန်းက ပြောကြားသည်။ 
အဆိုပါ Yangon Ecological Aquarium ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဦးဆောင်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် ၂၀၁၆ ခုနှစ် ကတည်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ 
“ Under Water World လို့ခေါ်တဲ့ ကန်အကြီးကြီး ပါတယ်။ အဲဒီမှာ လူတွေက ရေအောက်မှ မှန်ဘောင်ထဲက သွားရတဲ့အတွက်၊ အဲဒီအတွက် Safety ကို အများကြီး စဉ်းစားရပါတယ်။ အဆောက်အအုံ အားဖြင့်ကတော့ အကုန်လုံး ပြီးသွားပြီ။ ဒါပေမဲ့ အတွင်းပိုင်းမှာ ငါးတွေ အတွက်ရယ်၊ ငါးထည့်ဖို့ရယ် ဒီလောက်ပဲ ကျန်တော့တယ်။ ၂၀၂၀ မှာ ပြီးအောင်တော့ ကြိုးစားပြီး လုပ်နေပါတယ်”ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။ 
မကြာမီ ဖွင့်လှစ်မည့် ငါးပြတိုက်အသစ်အား ကန်တော်ကြီးရှိ ယခင် ငါးပြတိုက်အဟောင်း၏ မြေဧက ငါးဧကပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ 
အဆိုပါ ငါးပြတိုက်ကို ကမ္ဘာ့အဆင့်အတန်းမီ ငါးပြတိုက်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး အဆောက်အအုံပိုင်းတွင်သာမက ငါးများ အသက်ရှင်ထိုင်မှုစနစ်နှင့် Mechanical , Electrical ပိုင်းများအတွက် နည်းပညာ မရှိခြင်း၊ ပညာရှင်များနှင့် ရေအောက် မှန်ဘောင်ထဲတွင် သွားရသူများအတွက် Safety ဖြစ်ရန် စဉ်းစားခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 
မြန်မာနိုင်ငံ၏ ပထမဆုံး ငါးပြတိုက်တွင် မြန်မာနိုင်ငံ မြောက်ဖျားမှ တောင်ဖျားအထိ ရေချို၊ ရေငံ ငါးမျိုးစုံကို ပြသသွားမည်ဖြစ်ပြီး ငါးမျိုးစိတ် အားလုံးအတွက် ပြခန်းများနှင့် ရေအောက်ဥမင်လိုဏ်ခေါင်း၊ ရေထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများအတွက် သင်တန်းပြုလုပ်ရာ နေရာများ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း ရောင်းချရာ နေရာများ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်မည်ဟု သိရသည်။ 
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါ ခေါ်ကတည်းက အများပြည်သူ လေ့လာနိုင်တဲ့ ငါးပြတိုက် ဖြစ်စေချင်တယ်။ ကမ္ဘာ့အဆင့်အတန်းမီတဲ့ ငါးပြတိုက် ဖြစ်စေချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က လူတန်းစားမရွေး၊ ကျောင်းတွေဆိုလည်း Discount ပေးမယ် စသည်ဖြင့် အစီအစဉ်တွေ လုပ်ထားတယ်။ သာမန်မိသားစုတွေ အပန်းဖြေအနားယူဖို့လည်း လုပ်ထားမယ်။ အဲဒီလိုအပိုင်းလိုက်ကို လူတိုင်း ဝင်ကြည့်နိုင်တဲ့ ဈေးနှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြောထားပြီးပါပြီ”ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။ 
အဆိုပါ ငါးပြတိုက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်ခြင်းဖြစ်ကာ ဒေါ်လာသန်း ၃၀ ရင်းနှီး မြှုပ်နှံထားကြောင်း၊ ကမ္ဘာ့အဆင့်မီ ပြတိုက်ပုံစံ ဖြစ်လာသည့်အတွက် ရင်းနှီးမြှုပ်နှံမှု ပိုများလာခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ မြေနေရာအား ငါးလုပ်ငန်းဦးစီးဌာန လုပ်ပိုင်ခွင့်ဖြင့် နှစ် ၄၀ ငှားရမ်းထားကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment