လစာမတိုးဘဲ လျှပ်စစ်မီတာခ တိုးမြှင့်လိုက်သည့် အတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်မာနိုင်ငံစက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ်ရုံးတွင် အလုပ်သမား ၂၀ ခန့်က ဇူလိုင် ၁ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခန့်အထိ ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရ သည်။
ကမ်ပိန်းပြုလုပ်ရာတွင် လစာမတိုး မီတာခတိုးသည်ဟု ရေးသားထားသည့် စာရွက်များကိုင်၍ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘အခုလို မီတာခတိုးတာဟာ ကျွန်တော်တို့ အလုပ်သမား တွေအတွက် စပြီး ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့လစာက ရပ်တန့်နေပြီးတော့ အဆောင်လခတွေ ဈေးတက်နေတယ်။ ကျွန်တော်တို့ငှားနေရတဲ့ အဆောင်က အရင်က ကျပ် ၄၅၀၀၀ နဲ့ ၆၀၀၀၀ ကြားဝန်းကျင်မှာရှိတယ်။ အခု အဆောင်ခက ကျပ် ၇၀၀၀၀ ဖြစ်သွားပြီ။ ကျွန်တော်တို့ရတဲ့ လစာနဲ့ အဆင်မပြေပါဘူး’ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင် မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောဆိုသည်။
တိုးမြှင့်လိုက်သည့် မီတာခသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက နည်းသေးသည်ဟု ပြောသော်လည်း မြန်မာနိုင်ငံ၏ အနည်းဆုံး အခြေခံလုပ်ခလစာသည် အိမ်နီးချင်း ထိုင်းနိုင်ငံထက်ပင် လျော့နည်းနေကာ မြန်မာနိုင်ငံ၏အခြေခံလုပ်ခလစာသည် အာဆီယံ၌ အနည်းဆုံးဖြစ်ကြောင်း သိရသည်။
‘ကျွန်မတို့က တစ်ရက်လုပ်ခအဖြစ် ၅၆၀၀ ပေးဖို့ တောင်းဆိုပေမယ့် ဝန်ကြီးဌာနရဲ့ ညှိနှိုင်းပေးမှုနဲ့ ၄၈၀၀ ကို လက်ခံပေးလိုက်တယ်။ ဒါကို မီတာခတွေက တိုးလာတယ်။ မီတာခတိုးတော့ အဆောင်စရိတ်တွေ တိုးလာတယ်။ နောက်ပြီးတခြားကုန်ပစ္စည်းတွေကလည်း ဈေးတက်လာပါတယ်။ ရတဲ့လစာနဲ့ မမျှတော့ဘူး။ မိသားစုကို ထောက်ပံ့ဖို့ဆို တာ တကယ့်ကို အခက်အခဲရှိပါတယ်’ဟု တိုင်ရီဖိနပ်စက်ရုံအလုပ်သမား မစုစုနိုင်က ပြောဆိုသည်။ မီတာခတိုးကောက်သည့်အတွက် အလုပ်သမားများအနေဖြင့် အဆောင် စရိတ်နှင့် အခြားအသုံးစရိတ်များပါ တိုးလာသော်လည်း လစာငွေမှာတိုးမလာသည့် အတွက် ငွေကြေးခက်ခဲမှုရှိကြောင်း အလုပ်သမားများက ဆိုသည်။
သတင်း – မင်းခန့်(မြစ်မခ)
The Standard Time Daily
0 comments:
Post a Comment