Monday, July 1, 2019

မြိတ်မြို့တွင် Food Box များထားရှိပြီး တစ်ပတ်ကျော်အတွင်း ဖျက်ဆီးခံရ


မြိတ်မြို့တွင် Food Box များ ထားရှိပေးပြီး တစ်ပတ်ကျော်အတွင်း လူတစ်စုက လာရောက်ဖျက်ဆီးသွားခြင်း၊ လှူထားသည့် မုန့်များကို အိတ်များဖြင့် သယ်ဆောင်သွားမှုများ ရှိနေကြောင်း သိရသည်။ 
မြိတ်မြို့တွင် Food Box များကို နေရာသုံးနေရာတွင် စတင်စမ်းသပ်ထားရှိပေးထားပြီး အလှူရှင်များက ခရီးသွားပြည်သူများ၊ ဆင်းရဲသားများအတွက် အဓိကရည်ရွယ် လုပ်ဆောင်ပေးထားကြောင်း သိရသည်။ 
မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှေ့တွင်ထားရှိသော Food Box ကို ဇွန် ၃၀ ရက် ညပိုင်းက လူတစ်စုက ဆိုင်ကယ်သုံးစီးဖြင့်လာရောက် ဖျက်ဆီးသွားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေကာ ဖမ်းဆီးရမိပါက ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။ 
“မရှိဆင်းရဲသားတွေ၊ စားချင်တဲ့သူတွေ၊ လမ်းသွားလမ်းလာခရီးသည် ပြည်သူတွေအတွက် ရေပဲဖြစ်ဖြစ်၊ မုန့်ပဲဖြစ်ဖြစ် စားသောက်စေချင်လို့မျှဝေခြင်း အစီအစဉ်အဖြစ် ကျွန်တော်တို့မြို့မှာ သုံးနေရာပြုလုပ်ထားပါတယ်။ အဲဒီနေရာတွေကတော့ ဆေးရုံကြီးရှေ့၊ ပြည်တော်သာတံတားအရှေ့၊ မြို့သစ်စာသင်ကျောင်းနှင့် ဆန်းသီရိလမ်းဆုံတစ်နေရာမှာ လုပ်ပေးထားပါတယ်။ ညတုန်းက ဖြစ်သွားတဲ့ကိစ္စမှာ သတင်းအတိအကျတော့မရဘူး။ အရပ်ထဲမှာပြောနေတဲ့စကားအရဆိုရင် ဆိုင်ကယ်သုံးစီးနဲ့ လာရောက်ဖျက်ဆီးသွားတယ်ဆိုပြီး သတင်းရထားပါတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး စခန်းမှူးကို စစ်ဆေးပေးဖို့ အကြောင်းကြားထားတာရှိပါတယ်။ ဒီဖျက်ဆီးတဲ့အတွက် ကျွန်တော်တို့နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ထပ်မံပြင်ဆင်ပြီးလုပ်ဆောင်သွားပါ့မယ်။ အဓိကအချက်က ကျွန်တော်တို့နိုင်ငံသားတွေရဲ့စိတ်ဓာတ်ကိုပြင်စေချင်ပါတယ်။ နိုင်ငံချစ်တဲ့စိတ်၊ နိုင်ငံကြီးသားပီသတဲ့ စိတ်တွေမွေးမြူနိုင်ဖို့ Mindset တွေကို ပြင်ဆင်သွားနိုင်ဖို့ ဆက်လက်ပြီးဆောင်ရွက်သွားပါ့မယ်။ ဘယ်လိုပဲဖျက်ဆီးပါစေ ဆက်လက်ပြီးဆောင်ရွက်ပါ့မယ်။ အခုလက်ရှိဖျက်ဆီးတဲ့သူတွေကို စုံစမ်းသိရှိသွားရင်အများ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတဲ့ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ Food Box တစ်လုံးရဲ့ကုန်ကျစရိတ်က တစ်သိန်းကျော်လောက်ရှိပါတယ်။တစ်နေရာနှင့် တစ်နေရာမတူပါဘူး။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာလည်း မြို့သူမြို့သားတွေက ၀ိုင်းဝန်းစောင့်ရှောက်ပေးပါလို့ပြောကြားချင်ပါတယ်” ဟု မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ 
ညပိုင်း လူခြေတိတ်ချိန်တွင် လာရောက်ဖျက်ဆီးသွားပြီး လူတချို့ကလည်း Food Box ထားသည့် နေရာသို့လာရောက်ပြီး အိတ်များဖြင့် သယ်ဆောင်နေမှုရှိနေသည့်အတွက် မြို့နေလူထုများအကြား ဝေဖန်မှုဖြစ်နေကြောင်း သိရသည်။ 
“Food Box ဒီကိုရောက်လာတာကတစ် ပတ်ကျော်ကျော် ၁၀ ရက်လောက်ရှိပါပြီ။ ဒီမှာလာလုပ်ပေးတော့ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ဒီဂိတ်မှာရှိတဲ့သူတွေက မုန့်လာလှူတဲ့သူတွေကို ၀ိုင်းပြီးကူညီပေးကြတယ်။ လူတစ်ယောက်က မုန့်တွေယူသွားရင် တစ်ခုနှစ်ခုအများဆုံးပါပဲ။ တစ်ခါတစ်ရံ ဘာတွေ့ရသလဲဆိုရင် အိတ်တွေလာပြီး ဆွဲထည့်သွားတာတွေ့ရတယ်။ ဆာလောင်နေတဲ့သူတွေ အတွက်လည်း အာဟာရဖြစ်မယ် လှူတဲ့သူအတွက်လည်း ကုသိုလ်ရမယ်။ အခုကဒီလိုမဟုတ်ဘူး။ စသလိုနောက်သလိုနှင့် အုပ်စုလိုက်လာပြီး ယူဆောင်သွားကြတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် သူတို့ရဲ့လူနေမှု အဆင့်အတန်းတွေမြင့်လာအောင်၊ အသိတရားတွေ ဝင်လာအောင်၊ ပရဟိတ စိတ်တွေဝင်လာအောင်ဆိုပြီး အဓိကလုပ်ကြတယ်။ အခုကဒီလိုမဟုတ်ဘူး။ ဘယ်သူက လာလှူမလဲ စောင့်နေကြတယ်။ ပြီးတာနဲ့ အိတ်တွေနဲ့စုပုံပြီး ဆွဲယူသွားကြတယ်။ အဲဒီ မြင်ကွင်းက အတော်လေး စိတ်မကောင်းဖြစ်စရာပါ။ လူတွေရဲ့အကျင့်စရိုက်ကို အတော်လေးပြုပြင်ရမယ်။ စာသင်ကျောင်းတွေမှာ လေ့ကျင့်ပေးရမယ်။ အပြင်မှာ အဲဒီလိုလုပ် ပေးရမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ နံနက်ပိုင်းရောက်တာနဲ့ ကျွန်တော်တို့ ဒီမှာရှိတဲ့အတွက် အမြဲစောင့်ကြည့်ပေးနေပါတယ်။ လူတချို့အိတ်တွေနဲ့ လာယူနေရင်ပြောမိတာ လေးတွေရှိပါတယ်။ အစ်မ၊ အစ်ကိုတို့ တော်လောက်ပါပြီ။ တစ်ခု နှစ်ခုဆိုတော်လောက်ပါပြီလို့ ပြောမိပါတယ်။ ကျွန်တော်တို့ရှိနေတဲ့ အချိန်မှာ ဒီလိုဖျက်ဆီးဖို့မလွယ်ဘူး။ ကျွန်တော်တို့နောက်ကွယ်မှာ ဖြစ်ရင်ဖြစ်ပေါ့အတတ်နိုင်ဆုံးတော့ ကာကွယ်ပေးနေပါတယ်” ဟု မြိတ်မြို့ပြည်သူ့ဆေးရုံကြီးရှေ့တွင် တက္ကစီမောင်းနေသူ နီတွတ်(ခ)ရော်ဘင်က ပြောကြားသည်။ 
Food Box ကို ဖျက်ဆီးသွားသူများ လက်ရှိအနေအထားတွင် ဖမ်းဆီးရမိခြင်းမရှိ သေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 
“အခုလာတာက သူငယ်ချင်းမွေးနေ့အတွက် လာရောက်လှူဒါန်းပေးတာပါ။ တခြားနိုင်ငံတွေမှာလည်း အဲဒီလိုမျိုးရှိနေတယ်။ တချို့ဆင်းရဲသားတွေလည်းရှိမယ်။ ချမ်းသာတဲ့သူတွေလည်းရှိမယ်။ ဘာပဲဖြစ်ဖြစ် အခုလို လုပ်ပေးထားတဲ့အတွက် ဘယ်လိုလူတန်းစား မျိုးမဆို ယူပြီးစားသုံးလို့ရတယ်။ အရမ်းကောင်းပါတယ်။ ဖျက်ဆီးသွားတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒီလိုလူမျိုးတွေကို ထိထိရောက်ရောက်အရေးယူသင့်တယ်။ သူတို့အတွက်လည်း မကောင်းဘူး။ တခြားပြည် သူတွေအတွက်လည်း မကောင်းဘူး” ဟု မွေးနေ့အလှူလာရောက်လှူပေးသူ ကိုကိုလင်းက ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment