Monday, July 1, 2019

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA စာချုပ်တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်က တိုက်တွန်းချက်ထုတ်ပြန်


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရေး တိုက်တွန်းချက်’ ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ် ရေးစီးချုပ်ရုံးက၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 
တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တခဲ့ကြသည့် ‘ခေတ်မီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်’ အား တည်ဆောက်ရာတွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မဆို ၎င်းတို့၏ လိုအင်ဆန္ဒများကို ဒီမိုကရေစီနည်းလမ်းတကျသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ တောင်းဆိုခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအား ဖြေရှင်းနိုင်ရေးသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟု တပ်မတော်က ယုံကြည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 
ထို့ကြောင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်နေသူများအားလုံး ယုံကြည်မှုမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းတွင် တစ်ခါမျှမရှိခဲ့ဖူးသော တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တို့တွင် ထုတ်ပြန်ကြေညာ၍ ခြောက်လတာ အပစ်အခတ် ရပ်စဲပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
ထို့ပြင် လိုအပ်ချက်များအရ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင်လည်း တတိယအကြိမ် ထုတ်ပြန်ကြေညာ၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား နှစ်လတာ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးခဲ့ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် ခြောက်လတာကာလအတွင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း၊ ငြိမ်းချမ်းရေးကိုယ် စားလှယ်များ ညှိနှိုင်းအဖြေရှာခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ခိုင်မာစေရေးအတွက် ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာတွင် ပြည်သူလူထုက မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ကြောင်း တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာတွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ တပ်မတော်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်အစား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အမြန်ဆုံး ပါဝင်လက်မှတ်ရေးထိုးကာ ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။ 
ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား နည်းမှန်လမ်းမှန်ဖြင့် လျှောက်လှမ်းရေး ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တပ်မတော်က ထပ်မံခွင့်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် နှစ်လတာ ကာလအား ယခင်ကထက် ထိထိရောက်ရောက် ပိုမိုအကျိုးရှိစွာ အသုံးပြုသွားနိုင်ပါရန် တိုက်တွန်းအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment