ဓာတ်တိုင်များ၊ လူသွားလမ်းများ၊ ဆက်သွယ်ရေးကြိုးများ ပြင်ဆင်မှုများပြုလုပ်ရာတွင် ဝန်ကြီးဌာနချင်း ချိတ်ဆက်မှုမရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇူလိုင် ၁ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဌာနချင်းချိတ်ဆက်မှုမရှိတာကို မဟုတ်ဘူး။ ဝန်ကြီးဌာနချင်းကို ချိတ်ဆက်မှု မရှိတာ။ ဒါကြောင့် ကျွန်တော်တို့လည်း အခုမှပြင်နေရတာ။ အခုပြန်လုပ်နေပါပြီ”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ထို့ပြင် ဓာတ်တိုင်နှင့် လူသွားလမ်းများကိစ္စသည် မလေ့လာမှုများကြောင့်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း၊ လမ်းများခင်းရာတွင် ကန့်လန့်ဖြတ် ဖောက်လုပ်သည်များလည်းရှိကြောင်း၊ အလျားလိုက်ဖောက်လုပ်သည် များလည်းရှိကြောင်း၊ အဆိုပါကိစ္စများကို လိုက်လံရှင်းလင်းနေရကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
“ဒီဟာတွေကိုမြေအောက်ကိုမချဘဲနဲ့ မြေပေါ်တင်ထားပြီးဖြစ်နေတာတွေ အများကြီး။ လိုက်ရှင်းနေရတယ်။ အကုန်အကျလည်းများတယ်။ လမ်းက ဖောင်းဖြစ်လိုက်၊ ပြန်ဖာတော့ အရင်အရည်အသွေးမမီတာ ဖြစ်လိုက်၊ နောက်ပိုင်းကျရင် ဒါကိုထိန်းထိန်းသိမ်းသိမ်းလုပ်ပါတယ်။ ခင်းမယ်ဆိုရင်တောင်မှ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ဆက်သွယ်ရေး လမ်းဖောက်ဖို့အတွက် လမ်းကိုကန့်လန့်ဖြတ် ပြုလုပ်ပေးပါ။ ပြီးလို့ရှိရင် နဂိုအတိုင်းပြန် လုပ်ပေးပါမယ်ဆိုတော့ မလုပ်နဲ့ ပြောလို့မရဘူး။ ကျွန်တော်တို့ဟာကျွန်တော်တို့ပဲ ပြင်တော့မယ်။ အခုနောက်ပိုင်း ကျွန်တော်တို့ဟာ ကျွန်တော်တို့ပြင်နေပါတယ်။ မဖြစ်မနေ ဖောက်ရမယ်ဆို ပြန်ပြင်ရင်တောင်မှ သူတို့ဆီက စရိတ်ယူပြီး ကိုယ့်ဘာသာပြင်လိုက်တယ်”ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားသည်။
ယင်းအပြင် ဓာတ်တိုင်နှင့်လူသွားလမ်းတွင် ဓာတ်တိုင်၏ အမှားမဟုတ်ကြောင်း၊ လူသွားလမ်း၏ အမှားဖြစ်ကြောင်း၊ နဂိုရှိသည့် လူသွားလမ်းနေရာများသည် စံသတ်မှတ်ချက်ရှိကြောင်း၊ သို့သော်ကားရပ်နား ရန်နေရာမရှိသဖြင့် လူသွားလမ်းများကို လှီးထုတ်လိုက်သဖြင့် လူသွားလမ်းကျဉ်းမြောင်းကာ ဓာတ်တိုင်များကျန်ရှိနေခဲ့ကြောင်း မြို့တော်ဝန်က ဆိုသည်။
“ဓာတ်တိုင်ကို ရွှေ့ခိုင်းရင်အချို့က အင်တင်တင်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်တိုင်က အိမ်နားကပ်သွားတော့ အိမ်အတွက်အန္တရာယ်ရှိနေတယ်။ ကျွန်တော်တို့မှာ ဒီဟာကိုပြန်ပြီးတော့ လုပ်နေတယ်။ လူသွားလမ်းကို ပြန်ပြင်မလား။ ဘာဖြစ်လို့လဲ ဆိုတော့ လူသွားလမ်းက သူ့ရဲ့ပုံစံအတိုင်းရှိရမယ်။ ဓာတ်တိုင်ကရွှေ့ရင် အန္တရာယ်ရှိပြန်တော့ ဂျာအေးသူ့အမေရိုက်ဖြစ်နေတယ်။ အဓိကက သူ့နေရာနဲ့သူမရှိဘူး ဖြစ်နေတယ်။ ဟုတ်ပါတယ်။ အားနည်းချက်ရှိတာ မှန်ပါတယ်။ ဒီအားနည်းချက်တွေကို ပြင်နေပါပြီ” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment