Friday, May 22, 2020

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းခံထားရတဲ့ ဒေါက်တာ လဲ့လဲ့မော် ပထမအမှုသုံးခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် အား ပထမ အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်သည်။
ပထမ အမှု လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယ အမှု လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု နှင့် တတိယ အမှု GGS သဘာဝဓာတ်ငွေ့ အကြေး ကိစ္စ တို့ ဖြစ်သည်။
တတိယ အမှုတွင် ပါဝင်သော GGS ကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။
စတုတ္ထ အမှုကို ဆက်လက် အမိန့်ချမည်ဖြစ်သည်။
အသေးစိတ်ကို ထပ်မံ တင်ပြသွားပါမည်။
ဒေါက်တာလဲ့လဲ့မော် တရားစွဲခံရတဲ့ အမှု လေးမှု အကျဉ်းချုပ်
===============================
ပထမ အမှု
လမ်းဦးစီးကို ငွေ နှစ် ဘီလီယံ နီးပါး တစ်လုံး တစ်ခဲတည်း ချပေးခဲ့တယ်၊ အဲဒီနောက် ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း နာမည်နဲ့ ဝယ်ထားတဲ့ မြေကွက်ကို လမ်းဦးစီးကို အုတ်ခြံစည်ရုံးကာပေးဖို့ စေခိုင်းခဲ့တယ်ဆိုတဲ့ အမှုပါ။
အဲဒီ မြေကွက်ဟာ ထားဝယ်မြို့က အဓိက လမ်းမကြီး တစ်ခု ဖြစ်တဲ့ ဆေးရုံ လမ်းမှာ ရှိတဲ့ မြေကွက်ပါ။
အဲဒီ အမှုကို ရာဇဝတ်မှု အမှတ် ၁/၂၀၁၉ နဲ့ တရားစွဲခဲ့ပါတယ်။ တရားလိုနဲ့ တရားခံပြ သက်သေ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ဒေါက်တာလဲ့လဲ့မော်ကတော့ ခြံစည်းရိုးခတ်တာကို ပြင်ပ အင်ဂျင်နီယာနဲ့သာ လုပ်ကိုင်ခဲ့တယ်လို့ ပြန်ရှင်းထားပါတယ်။
ဒါပေမဲ့ အုတ်ခြံစည်းရိုးနဲ့ ရေမြောင်းအတွက် ကုန်ကျစရိတ် သိန်း ၁၄၀ ကျော်ကို အဂတိလိုက်စားမှု ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့ အချိန်ရောက်မှ ပေးချေခဲ့တယ်လို့ ပြင်ပ အင်ဂျင်နီယာ ဒေါ်မိမိစံက တရားရုံးမှာ ထွက်ဆိုထားပါတယ်။
ဒုတိယ အမှု
လူထုအကြား နာမည်ကျော်တဲ့ လေယာဉ်ကွင်းခြုံရှင်းတဲ့ အမှုပါ။၂၀၁၆-၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သိန်း လေးထောင်ကို အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းခဲ့တဲ့ အမှု ဖြစ်ပါတယ်။
လေယာဉ်ကွင်းထဲ ခြုံရှင်းဖို့၊ ခြံစည်းရိုး ခတ်ဖို့နဲ့ လေဆိပ် အဆောက်အအုံ ပြင်ဖို့ လုပ်ငန်းသုံးရပ် အတွက် တိုင်းအစိုးရက ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။
ဒါပေမဲ့ တကယ့် မြေပြင်မှာတော့ ခြုံရှင်းတာ တစ်ခုတည်း လုပ်ခဲ့ပါတယ်။
အဲဒါကို တိုင်းအစိုးရ တစ်ဖွဲ့လုံး မသိဘူးလို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနက တင်ပြတာ မရှိတဲ့ အတွက် တိုင်းအစိုးရက မသိဘူးလို့ သူမကဆိုပါတယ်။ ဒါကြောင့် အဲဒီ အမှုမှာ အဂတိလိုက်စားမှု မရှိဘူး၊ အပြစ်မရှိဘူးလို့ ဒေါက်တာလဲ့လဲ့မော်က ဆိုထားပါတယ်။
ဒီအမှုမှာတော့တရားလိုနဲ့တရားခံပြသက်သေစုစုပေါင်း ၂၀ဦးကို စစ်ဆေးထားပါတယ်။ လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်လည်း တရားခံပြ သက်သေအဖြစ် အစစ်ခံထားပါတယ်။
တတိယ အမှု
GGS ကုမ္ပဏီက ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုး ပေးရမဲ့ အကြွေးနဲ့ ပတ်သက်တဲ့ အမှု ဖြစ်ပါတယ်။
ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လမှာ တိုင်းအစိုးရအဖွဲ့နဲ့ GGS ကုမ္ပဏီတို့ ချုပ်ဆိုထားခဲ့ပါတယ်။
အဲဒီ စာချုပ်ကို ကွက်လပ်စာချုပ်လို့ လူသိများပါတယ်။ စာချုပ်ချုပ်တဲ့ အချိန်မှာ ကွပ်လပ်တွေ ဖြစ်နေတာ၊ နောက်ပြီး GGS ကို လ ျှပ်စစ်ထုတ်လုပ်ရောင်းချရေး အတွက် ရွေးချယ်ဖို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးနဲ့ မဆုံးဖြတ်မီ သုံးလလောက်ကတည်းက စာချုပ်ချုပ်ဆိုတာတွေ တရားရုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။
ဆိုလိုတာက တိုင်းအစိုးရအဖွဲ့ အစည်းအဝေး နဲ့ မဆုံးဖြတ်မီကတည်းက စာချုပ်က ချုပ်နှင့်နေပြီး ဖြစ်နေတာပါ။
အဲဒီအမှုမှာ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၇ ဦးကို စစ်ဆေးထားပါတယ်။
စတုတ္ထအမှု
အမှုကတော့ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းတယ်၊ နောက်ပြီး အဲဒီ ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းတွေ ချပေးတယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။
သရက်ချောင်းမြို့နယ် မှာရှိတဲ့ အဲဒီ အိမ်နဲ့ မြေကို ကျပ် သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီက ဝယ်ခဲ့ပါတယ်။ နောက်ပြီး သရက်ချောင်း ငါးလေလံစျေး၊ ပုလောမြို့နယ် ခန်းမ၊ နေပြည်တော်မှာ ရှိတဲ့ တိုင်းအစိုးရ ဧည့်ရိပ်သာတွေ ဆောက်ဖို့ လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အဲဒီအမှုမှာတော့ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၆ ဦးကို စစ်ဆေးထားပါတယ်။
GGS နဲ့ ပတ်သက်တဲ့ တတိယအမှုနဲ့ စတုတ္ထအမှုတွေမှာ GGS ကုမ္ပဏီက တာဝန်ရှိသူတွေဖြစ်တဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဦးထွန်းမင်းနဲ့ မန်နေဂျာ ဦးသူရအုံတို့ကိုလည်း တရားစွဲထားပါတယ်။
ဦးသိန်းထွေးကတော့ တနင်္သာရီတိုင်းထဲက ကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ထွက်ဆိုထားပါတယ်။ သူ ဒေါက်တာလဲ့လဲ့မော် အိမ်မြေ အရောင်းအဝယ် ကိစ္စ မှာလည်း မပါခဲ့ဘူးလို့ ဆိုထားပါတယ်။ ထားဝယ်ကိုတောင် လ ျှပ်စစ်ထုတ်လုပ်ရောင်းချရေး စာချုပ် ချုပ်တုန်းက တစ်ခေါက်ပဲ ရောက်ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲကကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ဦးသိန်းထွေးက ဆိုပါတယ်။
Source - Dawei Watch

0 comments:

Post a Comment