
မြို့နယ်တော်တော်များများတွင် ညမထွက်ရအမိန့်များ နှင့်COVID-19 ကာလ ကန့်သတ်ချက်ရှိနေသေး၍ အဝေးပြေးယာဉ်လိုင်းများ မေ ၁၅ ရက်နောက်ပိုင်းမှသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်း၏ အဝေးပြေးယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရသည်။
လက်ရှိတွင် အောင်မင်္ဂလာအဝေးပြေးဝင်း၌ အခြေပြု၍ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မှ သွားလာခွင့်ရ တိုင်းဒေသကြီး မြို့နယ်များသို့သာ နေ့ဘက်တွင် သွားလာရသော အဝေးပြေးယာဉ်လိုင်းအစီးရေ ၃၀ ဝန်းကျင်ခန့် ရှိနေသည်။
ရှမ်းပြည်နယ် တောင်ကြီးအစရှိသည့် ဝင်ထွက်ခွင့် ပိတ်ထားသည့် ခရီးဝေးနေရာများသို့ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိသေးပေ။
"ကိုဗစ်ကာလ ကန့်သတ်ချက်က မေလ ၁၅ ရက်အထိဆိုတာလည်း ကန့်သတ်ထားတာတွေရှိတယ်။ တချိူ့ မြို့နယ်တွေက Lock Down လုပ်ထားတာတွေရှိသေးတော့ ဝင်ထွက်လို့ မရတာတွေရှိတယ်။ အခုပြေးဆွဲပေးနေတာက သွားလာခွင့်ပေးတဲ့ ပဲခူး၊ ပြည်၊ မော်လမြိုင်တို့လို တိုင်းတွေကို ပြေးဆွဲနေကြတာပါ။ တောင်ကြီးတို့ ရှမ်းပြည်တို့နေရာတွေကို ပြေးဆွဲတာမရှိသေးပါဘူး။ အခုချိန်ပြေးဆွဲလည်း ခရီးသည်ကမရှိကြဘူး။ မဖြစ်မနေ သွားလာမယ့် စီးပွားရေကိစ္စတွေ အလုပ်ကိစ္စတွေရှိလို့ သွားမယ့်သူလောက်ဘဲရှိမှာ။ တကယ်လို့ အဝေးပြေးကားလိုင်းတွေ ပြေးဆွဲတော့မယ်ဆိုရင်လည်း ခရီးသည်တွေ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်တဲ့အပိုင်းတွေ လုပ်ဆောင်ပြီး ပြေးဆွဲသွားမှာပါ။" ဟု JJ Express အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးမြင့်ဦးက မေလ ၆ရက်တွင် မြန်မာတိုင်းမ်သို့ပြောသည်။
ပြည်နယ်တိုင်းဒေသကြီးများတွင် ရောက်ရှိနေသည့် အစိုးရဝန်ထမ်းများ ရုံးဝန်ထမ်းများ မိမိနေရပ်သို့ ပြန်လာနိုင်ရန် အခက်အခဲများရှိနေရာ အစိုးရရုံးများ ဖွင်လှစ်ထားပြီဖြစ်၍ထိုသူများ သွားလာရအဆင်ပြေစေရန်တွက် အဝေးပြေးလိုင်းများကို လတ်တလောအခြေအနေအရ ပြေးဆွဲခွင့့်ပြုသင့်ကြောင်း ဦးမြင့်ဦးက ဆက်လက်ပြောဆိုသည်။
"ကျွန်တော်တို့ ယာဉ်လိုင်းကတော့ မေလ ၁၅ ရက်နောက်ပိုင်းမှပဲထွက်မှာပါ။ဒီကြားထဲမှာ ဘာအမိန့်ထုတ်မလဲဆိုတာတော့ မသိသေးဘူး။ အစိုးရက အမိန့်ထုတ်ထားတဲ့အတိုင်း လိုက်နာပြီး ဆက်လုပ်မှာပါ။ ကျွန်တော်တို့က အစိုးရက ထုတ်ပြန်တဲ့ အမိန့်ကို ကျော်ပြီး ဘာမှလုပ်မှာမဟုတ်ဘူး။"ဟု ဗန္ဓုလသယ်သူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်ကြီးမြင့်ဟန်က မေလ ၆ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။
ပြည်နယ်၊တိုင်းဒေသကြီးများတွင် ဧပြီ၁၈ ရက်မှစ၍ ညမထွက်ရအမိန့်များကို သက်တမ်း ၂လ ထပ်မံတိုးမြှင့်ထားပြီး မေလ ၁၅ ရက်အထိ Lock Down ကာလနှင့် Home stay ကာလများ ထပ်မံတိုးမြှင့်ထား၍ ခရီးသည်စီးနင်းမှူ မရှိနိုင်သေးသောကြောင့် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှူ မရှိခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှ အနယ်နယ်အရပ်ရပ်သို့ သွားလာပြေးဆွဲနေသည့် အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ခရီးသည်တင်ယာဉ်လိုင်းပေါင်း ၁၆၄ လိုင်းနှင့် ယာဉ်အစီးရေ ၁၆၅၁ စီးရှိကာ အခြားတိုင်းနှင့်ပြည်နယ်အသီးသီးမှပြေးဆွဲသည့်အဝေးပြေးယာဉ်လိုင်းပေါင်း ၁၇၅ လိုင်းနှင့် ယာဉ်အစီးရေ ၁၄၁၇ စီးရှိနေသည်။



Source : The Myanmar Times






0 comments:
Post a Comment