Friday, May 22, 2020

မိုင်းတုံမြို့နယ်၌ ဆက်ကြေးကောက်သည့် RCSS(SSA) အဖွဲ့ဝင် ၂ ဦးအား တပ်မတော်မှဖမ်းဆီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ RCSS(SSA) အဖွဲ့ဝင် ၂ ဦးကို တပ်မတော်က ဖမ်းဆီးပြီး မိုင်းတုံရဲစခန်းမှာ အမှုဖွင့်အပ်နှံခဲ့တယ်လို့ မိုင်းတုံရဲစခန်း ခေတ္တစခန်းမှူးက ပြောပါတယ်။
မိုင်းကန်ကျေးရွာအုပ်စု၊ ရွှေပြည်ကျော်ရွာမှာ ဆက်ကြေးကောက်ခံနေတဲ့ သတင်းအရ တပ်မတော်က မေလ ၁၅ ရက် ညမှာ နယ်မြေရှင်းလင်းစဉ် ရွှေပြည်ကျော်ရွာရှိ ဦးအီမွေးရဲ့ နေအိမ်မှာ ညအိပ်ရောက်ရှိနေတဲ့ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
“တပ်မတော်ဘက်က တိုင်ကြားစာအရ RCSS(SSA)ကဖြစ်ပြီး ဖမ်းမိတဲ့ ၂ ယောက်ကို မိုင်းတုံရဲစခန်းအပ်ပြီး အမှုဖွင့်ခဲ့တာ”လို့ မိုင်းတုံရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ်ဇော်နိုင်က ပြောပါတယ်။
RCSS(SSA) တပ်ဖွဲ့ဝင်ဖြစ်တဲ့ စိုင်းစံဆိုင် (၂၄ နှစ်) နဲ့ အိုက်ကြွက် (၁၇ နှစ်)တို့ကို ဆက်ကြေးငွေလို့ယူဆရတဲ့ ကျပ် တစ်သောင်းကျပ် ၁၅ ရွက်နဲ့အတူ HUAWEI လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ စိုင်းစံဆိုင်ရဲ့ အညိုရောင်ဘေးလွယ်အိတ်အတွင်းက စိတ်ကြွဆေးပြား ၉၁ ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ စိုင်းစံဆိုင်မှာ ထိုင်း/မြန်မာနယ်စပ် RCSS(SSA) တပ်မဟာ (၇၂၇) လက်အောက်ရှိ မိုင်းပျင်းမြို့နယ် မိုင်းပုကြီးကျေးရွာအုပ်စုမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ တပ်ခွဲမှူးအဆင့်ရှိ ဖုန်းနွံဦးစီးအဖွဲ့က အဖွဲ့ဝင်ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS အဖွဲ့တာဝန်ရှိသူတွေထံ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
RCSS(SSA)တပ်ဖွဲ့ဟာ နိုင်ငံတော်အစိုးရနဲ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့အပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးထားတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူ ၂ ဦးကို မိုင်းတုံမြို့မရဲစခန်းက(ပ)၈/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ၁၉(က)/၂၀(က)/၂၁ တို့အရ အမှုဖွင့်အရေးယူထားပါတယ်။
Source - DVB

0 comments:

Post a Comment