Friday, May 22, 2020

Sex Education သင်ခန်းစာပါ အသုံးအနှုန်းများကို ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနပြော

ယခုပညာသင်နှစ်တွင် ဒသမတန်းကျောင်းသား/သူများကို သင်ကြားပေးမည့် “ဘဝအတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ပါ လိင်ပိုင်းဆိုင်ရာအသိပညာပေး Sex Education သင်ခန်းစာပါ စကားလုံးအသုံးအနှုန်းများကို မြန်မာ့ယဉ်ကျေးမှုကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောသည်။
ယနေ့ နေပြည်တော်၌ပြုလုပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေရဲ့ စိုးရိမ်မှုကိုကြားသိရပါတယ်။ ဒါကြောင့် အဆိုပါ သင်ခန်းစာမှာပါတဲ့ အသုံးအနှုန်းတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုရှိစေဖို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတန်း ကော်မတီတို့နဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ပြည်သူ့အသံပြည်သူ့သဘောထားတွေကို အလေးထားနားထောင်ပေးတဲ့ ဒီသင်ခန်းစာတွေကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်ဖို့အတွက် စီစဉ်လျက်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒသမတန်းသင်ရိုးသစ် ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ် အခန်း ၄ နှင့် အခန်း ၅ ပါ ရောဂါကင်းဝေးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေးသင်ခန်း စာပါ အကြောင်းအရာများနှင့်ပတ်သက်၍ ထောက်ခံ/ဝေဖန်မှုများ များစွာဖြစ်ပေါ်နေခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကလည်း ယခုသင်ခန်းစာပါ စာလုံးတစ်လုံးချင်း တစ်ကြောင်းချင်း တစ်ပိုဒ်ချင်းကို သေချာစီစစ်အတည်ပြုပြီးမှသာ ရိုက်နှိပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဆို သည်။
“စာအုပ် ၂ အုပ်စလုံးကို သေချာလေးဖတ်ပေးစေချင်ပါတယ်။ တစ်စလေးကိုပဲ ဆွဲထုတ်ပြီး တစ်စလေးကိုပဲ ဝေဖန်တာဟာ တစ်ခါတစ်လေကြရင် အမှန်ကိုမမြင်နိုင်ပါဘူး။ ဒါလေး ကျနော် မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လူ/ကယ်/ပြန် ဝန်ကြီးဌာန၏ စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် သက်ငယ်အမှုဖြစ်ပွားမှုအနေဖြင့် ၂၀၁၇ မှ ၂၀၂၀ အထိ ၉၂၄ မှုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
Ref ; News Ambassador

0 comments:

Post a Comment