Tuesday, June 2, 2020

COVID-19 သက်ရောက်မှုများကြောင့် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းအား အစိုးရမှ ဒေါ်လာ ၂ ဒသမ ၄ သန်းကျော် ချေးပေးရန် စီစဉ်နေ

မြန်မာနိုင်ငံတွင် COVID-19 သက်ရောက်မှုများကြောင့် စီးပွားရေးထိခိုက်ခဲ့သဖြင့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်းအား လေယာဉ်ငှားရမ်းခများအတွက် ဒေါ်လာ ၂ ဒသမ ၄ သန်းကျော် အစိုးရထံမှ ချေးပေးရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောကြားသည်။
မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းက ဇွန် ၁ရက်တွင် ပြုလုပ်သည့် မြန်မာခရီးသွားကဏ္ဍ စကားဝိုင်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ MNA လေကြောင်းလိုင်း အခြေအနေက တော်တော်ဆိုးပါတယ်။ အခုအခြေအနေက တော်တော်ကို ခံနိုင်ရည်မရှိနိုင်တော့ လောက်အောင်ကို ဖြစ်လာဖို့များနေပြီ၊ နိုင်ငံတော်ရဲ့ ကာကွယ်မှု ပံပိုးမှုက တော်တော်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ၊ MAI, MNA လေကြောင်းလိုင်းနှစ်ခုပြိုလဲသွားရင် မြန်မာနိုင်ငံအတွက် ဂိတ်ပေါက်ကို တာဝန်ယူထားတဲ့ လေကြောင်းခရီးသည် တွေကို သယ်လာမယ့် ကဏ္ဍနှစ်ခုလုံးပြိုလဲသွားမယ့်သဘောဖြစ်တယ်”ဟု ဦးဝန်းခန့်က ဆိုသည်။
မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်ငှားရမ်းခ၊ အာမခံကြေး၊ ပြင်ဆင်စရိတ် စသည့် ကုန်ကျမှုများအတွက် တစ်လလျှင် ဒေါ်လာ ၄ ဒသမ ၈သန်းခန့် ကျခံသုံးစွဲနေရသည်။ အဆိုပါကုန်ကျစရိတ်များအတွက် ငါးလစာ ကုန်ကျစရိတ် အမေရိကန် ဒေါ် လာ ၂ ဒသမ ၄သန်းကျော်အား စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန MOFPI မှ ထုတ်ချေးခွင့်ရရန် ညှိနှိုင်းနေကြောင်း ဦးဝင်းခန့်က ထည့်သွင်းပြောဆိုခဲ့ သည်။
မြန်မာအမျိုးသားလေကြောင်း သည် နိုင်ငံတော်၏ ဘက်ဂျက်ပြင်ပမှ လုပ်ငန်း လည်ပတ်နေခြင်းဖြစ်ပြီး ၂၀၂၀ မတ်လမှစပြီး လုပ်ငန်းလည်ပတ်မှုမှ အကျိုးအမြတ်ရရှိရန် စီစဉ်ထားသော်လည်း ၊COVID-19 သက်ရောက်မှုကြောင့် လုပ်ငန်း အထိနာခဲ့သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ချေးငွေရရှိရန် တင်ပြထားသော်လည်း ဝန်ထမ်း အင်အားစုများကို လျှော့ချခြင်း၊ ဝန်ထမ်းလစာစရိတ်များ လျော့ချခြင်း တို့ဖြင့် ကုန်ကျစရိတ်များ လျော့နည်းအောင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဦးဝင်းခန့်က ပြောဆိုခဲ့သည်။
ယင်းအပြင် ကုန်ကျစရိတ်ကာမိစေရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ COVID-19 ကာလအတွင်း ကုန်သည် လေယာဉ်များ၊ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအား ပျံသန်းပြေးဆွဲမှုများဆောင်ရွက်လျက်ရှိသည်။
“ပို့ဆောင်ရေးအနေနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့အတွက် MNAရဲ့လိုအပ်ချက်ကို နိုင်ငံတော်က တင်ပြဖို့တောင်းတဲ့အတွက် အခြေအနေကို တင်ပြထားတာဖြစ်တယ်။ လက်ရှိမှာချေးငွေကိစ္စနဲ့ပတ်သက်ပြီး အတိုးနှုန်း၊ ကာလစတဲ့အသေးစိတ်ကိုညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် တိတိကျကျတော့ မသိနိုင်သေးဘူး။ ချေးငွေရဖိ့ုတော့ ကနဦးသဘောတူ ထားတာတော့ရှိတယ်။”ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက မှတ်ချက်ပြုသည်။
ပုဂ္ဂလိက လေကြောင်းလိုင်းများက COVID-19 သက်ရောက်မှုများကြောင့် စီးပွားရေထိခိုက် နစ်နာမှုများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြဆွေးနွေးမှုများ လက်ရှိတွင် မရှိသေးကြောင်း၊ နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာ ကုစားပေးသည့် အစီစဉ်များတွင် လေကြောင်းကဏ္ဍ မပါဝင်သေးသဖြင့် သက်ဆိုင်ရာ လေကြောင်းလိုင်းများ ချေးငွေရရှိရန်တင်ပြလာပါက ထောက်ခံပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီအချိန်မှ ကိုဗစ်ကြောင့် အားလုံး ထိခိုက်နေတာပဲ။ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာက လေကြောင်းလိုင်းတစ်ခုစီရဲ့ ချမ်းသာကြွယ်ဝမှုအပေါ် မူတည်တယ်။ ဒီလိုအချိန်မှာ နစ်နာမှုရှိတာကို မပြောလည်း သိနိုင်တယ်။ လေကြောင်းလိုင်းတွေ ကုစားဖို့အတွက် ငွေကြေးတစ်ရပ်ကလိုနေတာပဲ ။ ဒါကိုနိုင်ငံတော်က ပေးမလား၊အခြားက ရှာပေးမလား။ တစ်ခုခု လုပ်မှပဲရမှာ။ နောက်မို့ဆို လေကြောင်းလိုင်းတွေ ဘယ်တော့ပြိုလဲမလဲ မသိနိုင်ဘူး” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ စီအီးအို တစ်ဦးက မှတ်ချက်ပြုသည်။
လေကြောင်းကဏ္ဍအတွင်း အကြံပေးလုပ်ငန်းလုပ်ကိုင်သည့် CAPAအဖွဲ့၏ ခန့်မှန်းချက်များအရ ကမ္ဘာ့ လေကြောင်းကဏ္ဍအတွင်း COVID-19 သက်ရောက်မှုကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိနိုင်ပြီး ယင်းတို့ကို သက်ဆိုင်ရာ အစိုးရများက စနစ်တကျ ပံ့ပိုးကူညီမှုများမပြုလုပ်ပါက လေကြောင်းလိုင်းများ ပျက်စီးနိုင်သည်ဟု ခန့်မှန်းထားကြောင်း အမြဲတမ်းအတွင်း ဝန်ဦးဝန်းခန့်က ပြောဆိုခဲ့သည်။
Crd : MyanmarTime #Myanmar_Online_News

0 comments:

Post a Comment