Monday, June 29, 2020

COVID-19 ကြောင့် ယခုနှစ်တောင်ပြုန်းပွဲတော် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းသိရ

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ပွဲတော်တစ်ခုဖြစ်သည့် တောင်ပြုန်းပွဲတော်ကို ယခုနှစ်တွင် ကိုဗစ် ၁၉ ဂယက်ကြောင့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးကျော်ကျော်က ပြောသည်။
တောင်ပြုန်းပွဲတော်ကို အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့်ဘုရားပွဲတော်နှင့်အတူ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုန်းကြီးကျေးရွာတွင် နှစ်စဉ် ဝါခေါင်လအတွင်း ရှစ်ရက်ကြာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လတ်တလောအခြေအနေများကြောင့် ပွဲတော်ကျင်းပရန် မဖြစ်နိုင်တော့ကြောင်း ဦးကျော်ကျော်က ပြောသည်။
"ကိုဗစ် ၁၉ ကြောင့် ဘုရားပွဲနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် တောင်ပြုန်းအရှင်နှစ်ပါးပွဲတော်နဲ့ပတ်သက်လို့ လုပ်ပိုင်ခွင့်က ဘာမှလုပ်လို့မရနိုင်တဲ့ အခြေအနေပါ။ အခုက တစ်ကမ္ဘာလုံး ဖြစ်တဲ့အခြေအနေဆိုတော့ ဘာမှလုပ်လို့မရနိုင်တဲ့ အခြေအနေပါ။ အရင်နှစ်တွေမှာဆိုရင် အခုအချိန်ဆို ပွဲတော်ဆိုင်ရာ လုပ်ငန်းလေလံတွေ စတင်ခေါ်နေပါပြီ။ ဒီနှစ်ပွဲတော်က မဖြစ်နိုင်တော့ပါဘူး"ဟု ဦးကျော်ကျော်က ပြောသည်။
ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန် ကြားချက်များ (ဖြေလျှော့၊ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ဇွန် ၂၇ရက် ရက်စွဲဖြင့် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ရိုးရာအစဉ်အလာ နတ်ကိုးကွယ်ယုံကြည်သူများ၊ ပွဲတော်ပျော်သူများဖြင့် လူဦးရေသိန်းချီ လာရောက်လေ့ရှိသော တောင်ပြုန်းပွဲတော်မှာ ၂၀၁၇ ခုနှစ်ပွဲတော်ရာသီကလည်း ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်ခဲ့သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြီး ပိတ်ခဲ့ရာ ပွဲတော်တွင် ပြင်ဆင်နေသော ဈေးဆိုင်များပါ ပြန်လည်ဖျက်သိမ်းခဲ့ရဖူးသည်။
"ရိုးရာအရ အကျဉ်းရုံးပြီး လုပ်ဆောင်ရမယ့်ကိစ္စမျိုးတော့ရှိပါတယ်။ နတ်နဲ့ ပတ်သက်တဲ့ကိစ္စဖြစ်စေ၊ ဘုရားကို လပြည့်နေ့မှာ ဆွမ်းကပ်ရတဲ့ကိစ္စမျိုးပေါ့။ တိုင်း ဒါမှမဟုတ် မြို့နယ်သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လိုဆောင်ရွက်ရဦးမယ်ဆိုတာတော့ မသိသေးပါဘူး"ဟု ဦးကျော်ကျော်က ပြောသည်။
အနော်ရထာမင်း ဆုတောင်းပြည့်ဘုရားကိုတည်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ဆုပ်စီ သယ်ယူရန် ပျက်ကွက်ခဲ့သော ရွှေဖျဉ်းညီနောင်နှစ်ပါးကို ကွပ်မျက်ရာမှ နတ်ဖြစ်သွားသော မင်းညီနောင်အား တောင်ပြုန်းအရပ်တွင် နတ်နန်းဆောက်လုပ်ပေးရာမှ စတင်ပြီး မင်းညီနောင် ပူဇော်ပသပွဲကို နှစ်စဉ် ဝါခေါင်လ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အဆိုရှိသည်။
တောင်ပြုန်းပွဲတော်ရက်များတွင် နေ့ရက်တိုင်းစည်ကားလေ့ရှိသော်လည်း တောင်ပြုန်းမင်းနှစ်ပါး ချိုးရေတော် သုံးသောနေ့၊ ယုန်ထိုးနေ့နှင့် ထိန်ခုတ်ပွဲနေ့များမှာ လူတိုးမပေါက်ဘဲ ပြောစမှတ်ဖြစ်အောင် စည်ကားတတ်သောနေ့ များဖြစ်သည်။
Crd : Myanmar Time

0 comments:

Post a Comment