Monday, June 29, 2020

မန္တလေးတွင် သမီးရည်းစား၂ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့်သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးထံမှ ရရှိခဲ့သဖြင့် ၎င်းကိုပါ ဖမ်းဆီးစစ်ဆေးနေ

မန္တလေးမြို့တွင် ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့်ပစ်ခတ်မှုတွင် အသုံးပြုခဲ့သည့်သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားတစ်ဦးထံမှ ရရှိသဖြင့် ၎င်းကိုပါ အရေးယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ထို့ပြင် အဆိုပါအမှုတွင် ကျူးလွန်သူများအနက် အသက်မပြည့်သေးသူများပါဝင်ကြောင်း သိရသည်။
သေနတ်ပစ်မှုကျုးလွန်သူ မောင်...မှာ ၁၉ နှစ်နှင့် ပါဝင်ခဲ့သူသုံးဦးမှာ ၁၆ နှစ်နှင့် ၂၀ နှစ် အရွယ်များ ဖြစ်ကြကြောင်း သိရသည်။
" သေနတ်က ဘယ်ကရလဲဆိုတော့ ဆရာမထဲကရတာလို့ သိရတယ်။ ဆရာမကလည်း ဘယ်ကရတာလဲဆိုတော့ သူ့အဖေဆီကရတယ်လို့ သိရတယ်။ သူ့အဖေက လဝကက။ တရားဝင်ကိုင်တယ်လို့ ပြောတယ်။ အဲဒါကတော့ ဖြစ်နိုင်မဖြစ်နိုင်စုံစမ်းရမှာပေါ့။ သူ့အဖေကလည်းဆုံးသွားပြီ။ အဲလိုအခြေနေတော့ရှိတယ်။ မပြီးသေးဘူးပေါ့ စစ်နေတာက။ အဲတော့ စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအကြံတောင်းပြီးမှ အမှုစွဲဆိုတာတွေ လုပ်ရမှာပေါ့။ အတိကျတော့ ပြောမရသေးဘူး။ ဘာလက်နက်ကိုင်အဖွဲ့နဲ့မှလည်း မဆိုင်ဘူး။ သောင်းကျန်းသူနဲ့လည်း မဆိုင်ဘူး။ ဆရာမဆီကရတာပဲ။ ဆရာမ‌အဖေက လိုင်စင်နဲ့ ကိုင်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်က အဲဒါပဲ" ဟု မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ပြောကြားခဲ့သည်။
ဇွန်လ ၂၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က ၂၆ ဘီလမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ဆိုင်ကယ်စီးလာသည့် မောင်မိုးဟိန်းကို (၁၇ နှစ်) တို့စုံတွဲအား အနီးကပ်ဘေးမှရှိသည့် အမျိုးသားနှစ်ဦးစီးလာသည့် အခြားဆိုင်ကယ်ပေါ်မှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဆိုင်ကယ်စီးလာသူ စုံတွဲအားသေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်သူမှာ ကောင်မလေး၏ ရည်းစားဟောင်းဖြစ်ကြောင်း သိရပြီး ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို တစ်ရက်အတွင်း ဖမ်းမိခဲ့သည်။
" ကျနော့သားလေးက ဆိုင်ကယ်မောင်းလာတာ။ သူ့နောက်မှာ ကောင်မလေးက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားကဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ခွဲစိတ်ဖို့ ဆောင်ရွက်နေပါတယ်။ စပစ်ခံရကတည်းက သတိလည်းလစ်မသွားဘဲ ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာသေးတယ်" ဟု သေနတ်ဖြင့်ပစ်ခတ်ခံရသူ၏ဖခင် ဦးခင်မောင်လွင်ကလည်း ပြောကြားခဲ့သည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသလို သေနတ်ပိုင်ရှင်ဖြစ်သူ ဆရာမကိုလည်း လက်နက်မှုဖြင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်လျက်ရှိသည်ဟု စုံစမ်းသိရသည်။
Crd : Eleven

0 comments:

Post a Comment