Tuesday, June 30, 2020

အခြေခံပညာကျောင်းများပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းဖြစ်

အခြေခံပညာအထက်တန်း ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိရာ အခြေခံပညာကျောင်းများပြန်ဖွင့်ခြင်းသည် ကျောင်းသားကျောင်းသူများ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း သည့် ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၆ရက်နေ့က ကျင်းပစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှုပတ်ဝန်းကျင် ကောင်းဖော်ဆောင်နိုင်ရေးအတွက် အဆင့်ဆင့်တာဝန်ရှိသူများက မြေပြင်တွင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းလည်း ဝန်ကြီးက အသိပေးခဲ့သည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ကျောင်းကားများ လိုက်နာရမည့်အချက်များကို အသိပေးဖြန့်ဝေပြီးဖြစ်ကြောင်းလည်း သိရသည်။
ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာအထက်တန်း ကျောင်းများကိုစတင်ဖွင့်ပြီးနောက် အလယ်တန်းကျောင်းများ ယင်းနောက် မူလတန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်သည်။
Ref ; ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment