Monday, June 29, 2020

အင်းရေလျော့ကျသွားမှုကြောင့် ရေမြုပ်ပြီး ပျက်စီးနေသည့် စံကားမြို့ဟောင်းရှိ တာရိုး အစိတ်အပိုင်းများ ပြန်လည်ပေါ်ထွက်လာ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့၏ တောင်ဘက်ခြမ်းရှိ စံကားမြို့ဟောင်းမှ ဒေသအခေါ် တာရိုး(သို့မဟုတ်)ရေသွယ်မြောင်း အုတ်တံတိုင်းသည် ယခင်က ရေများဖုံးလွမ်းနေပေမယ့် ယခု အင်းရေ လျော့ကျမှုကြောင့် ပျက်စီးနေသည့် တာရိုးအစိတ်အပိုင်းများလည်း ပြန်လည်ပေါ်ထွက်လာကြောင်း သိရပါသည်။
ပြန်လည်ပေါ်ထွက်လာသည့် တာရိုးအစိတ်အပိုင်းများကို စိတ်ဝင်တစားလာရောက်လေ့လာသူများနှင့် အလှဓါတ်ပုံ လာရောက်ရိုက်ကူးကြသူများ ရှိနေကြောင်း သိရပါသည်။ အဆိုပါ တာရိုးသို့ ရောက်ရှိလာသည့် သမိုင်းလေ့လာ သူများကို စံကားမြို့မှ ဒေသခံများက လိုက်လံပို့ဆောင်ပြီး ရှင်းပြပေးလျက်ရှိကြောင်း သိရပါသည်။
စံကားမြို့ကို ကျိုင်းဟိုင်းစော်ဘွား “စဝ်ပြားစဲ”ညီတော် “စဝ်ပြားလဲ”မှ နောက်ပါ ယွန်းရှမ်း လူမျိုးများဖြင့် မြန်မာသက္ကရာဇ် (၈၄၁)ခု၊ ခရစ်နှစ်(၁၄၇၆)ခုက လွယ်နွဲ့ဘုရားကုန်း အရှေ့မြောက် အရပ်တွင် (ပန်လုံမြို့)ဟုသတ်မှတ်ပြီး မြို့တည်ကာ အုပ်ချုပ်စိုးစံခဲ့ကြောင်း သိရပါသည်။ ကျိုင်းဟိုင်း ကလာသည့် ယွန်းမင်းက စံကားကို စတင်အုပ်ချုပ်ချိန်မှာ မြို့၏အနောက်ဘက်ခြမ်းမှာရှိသည့် လယ်ကွင်းတွေကို ရေပေးဝေရန် တာရိုး (ခေါ်)ရေသွယ်မြောင်း ဆောက်လုပ်ပြီး “လိန်လမ်” ရေထွက်ကနေ ရေသွယ်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း စံကားစော်ဘွား၏ သမီးတော်တစ်ဦးဖြစ်သည့် စဝ်သန်းကြည်၏ ပြောပြချက်အရ သိရပါသည်။
၁၉၇၃ ခုနှစ်က မိုးဗြဲဆည် တည်ဆောက်လိုက်ခြင်းကြောင့် ရှမ်းစော်ဘွားများ အုပ်ချုပ်လာခဲ့သည့် စံကားမြို့သည် ရေမြုပ်သွားကာ ယခုချိန်မှာ ကျေးရွာအဖြစ်သာ ကျန်ရှိတော့ကြောင်း သိရပါသည်။ တာရိုး (ခေါ်)ရေသွယ်မြောင်းအုတ်တံတိုင်းလည်း ရေမြုပ်သွားပြီး ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။ ယခု ရေလျော့ကျသွား ခဲ့သည့်အတွက်ကြောင့် တာရိုး ပြန်ပေါ်လာကာ တချို့နေရာတွင် ပျက်စီးနေပြီဖြစ်ကြောင်း သိရပါသည်။ တာရိုးကို မြေသားနှင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အမြင့်ပေ(၂၀)ခန့်ရှိကာ အရှည်(၁)မိုင်ခွဲခန့် ရှိကြောင်း သိရပါသည်။ ယခုအခါ ၎င်း တာရိုးသည် အသုံးပြုလို့ မရတော့ပေမယ့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်တစား လာရောက် လေ့လာစရာ နေရာတစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါသည်။
စံကားမြို့ဟောင်းသည် သမိုင်းသုတေတီများအတွက် လေ့လာလို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်ပြီး ယွန်းရှမ်းများ၏ ရှေးဟောင်းလက်ရာများ၊ မြို့ရိုး၊ ရေပြင်ပေါ် ထိုးထွက်နေသည့် စေတီပုထိုးများနှင့် သမိုင်းဝင် တာခေါင်မွေတော်ဘုရားများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း သိရပါသည်။
Crd : MRTV

0 comments:

Post a Comment