Tuesday, June 30, 2020

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်မှ တစ်သျှူးဌက်ပျောခြံတွင် တရုတ်အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ နယ်၊စန်းကားကျေးရွာ၊ ထိန်းမင်းကုမ္ပဏီတွင် ဌက်ပျောခြံလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးသည် ဇွန်လ ၂၉ရက်နေ့ ညနေ ၆ အချိန်၌ ဝိုင်းမော်ဆေးရုံ အလာတွင် ရုတ်တရက်သေဆုံးခဲ့ကြောင်း ဝိုင်းမော် ဆေးရုံအုပ်ကြီး ဒေါက်တာ သိမ်းမြို့ထံက သိရသည်။
အဆိုပါအမျိုးသားသည် ဆေးလိပ်အလွန်အကျွံသောက်သုံးသဖြင့် ပန်းနာရပ်ကျပ် ရောဂါကြောင့် သေဆုံးသည်ဟု ယူဆကြောင်း ဒေါက်တာသိမ်းမြို့က သုံးသပ်ပြောဆိုသည်။
'' နေ့လယ် ထမင်းစားပြီး ခဏအိပ်တယ်။ အိပ်ယာထဲကျမှ မောတယ်။ နေမကောင်းဘူးဆိုမှ တောထဲမှာဆိုတော့မက်ကလောင်တွေ ဆွဲတာ‌‌ပေါ့။ ဆေးခန်းရောက်လာတယ်။ ဆေးခန်းရောက်လာတာနဲ့ အသက်မပါတော့ ဝိုင်းမော်ဆေးရုံကိုပြန်လွှဲပေးလိုက်တယ်။ နိုင်ငံခြားသားတစ်ယောက်ဆုံးတော့ အထက်ကိုတင်ပြပြီး လုပ်ရမယ့်လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာပေါ့နော်။ '' ဟု ဒေါက်တာသိမ်းမြို့က ရှင်းပြသည်။
အဆိုပါ အမျိုးသား ရုတ်တရက် သေဆုံးချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကာလဖြစ်သောကြောင့် စနစ်တကျ ထုတ်ပိုးပြီး မြစ်ကြီးနားဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်းလည်း သိရသည်။
ယင်းအမျိုးသားသည် အဘယ်ကြောင့်‌ သေဆုံးသည်ကို မသိရသေးသဖြင့် သေဆုံးချိန် ဆေးရုံသို့လိုက်ပါ ပို့ဆောင်သူ (၆)ဦး ကိုလည်း Quarantine ဝင်ထားခိုင်းကြောင်း သိရသည်။
''အသက်ရှုလမ်းကြောင်း ပြဿနာရှိတယ်။
ပန်းနာရင်ကျပ်ရှိတယ်။ ဒီရာသီကလည်း မိုးတွင်းရာသီဖြစ်တဲ့အတွက် ပုံစံကြည့်ရတာတော့ သူမှာ တစ်ခြားကိုယ်ခံအားနည်းနေတယ်လို့ ယူဆရပါတယ်။ သူကတော့ သွေးရိုးသားရိုး သေဆုံးတယ်လို့ပဲ ဆရာတို့ ပမာဏယူဆတယ်။ Covid ရောဂါနဲ့တော့ ဆက်စပ်လိမ့်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ဒီရောဂါက ချက်ချင်းသေမယ့် ရောဂါမျိုးတွေ မဟုတ်ဘူးလေ။ လူနာခံစားပြီး ထိုင်မကောင်းပြီးမှဆုံးရမယ့် ရောဂါမျိုးလေ။ ဒေါက်တာသိမ်းမြို့က ထပ်မံသုံးသပ်သည်။
အဆိုပါ အမျိုးသားသည် မြန်မာနိုင်ငံတွင် ၃နှစ်ခန့် နေထိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ မပြန်ခဲ့သည်မှာ ၃လခန့်ရှိပြီဖြစ်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
Ref ; Myitkyina News Journal

0 comments:

Post a Comment