Monday, June 29, 2020

ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုတွင် ကျောက်တောင် မိုင်းဖောက်ခွဲရာမှ ဝန်ထမ်း ၁ ဦး ကျောက်ခဲထိမှန်သေဆုံးမှု ဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ကောင်းစံကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတခုမှာ ဇွန် ၂၈ ရက် ညနေ ၄ နာရီလောက်က မိုင်းဖောက်ခွဲရာမှ ကုမ္ပဏီဝန်ထမ်းတဦး သေဆုံးသွားခဲ့တယ်လို့ ဖားကန့် ရဲစခန်းက သိရပါတယ်။
အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ Global Sunlight ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး သေဆုံးသူဟာလည်း ကုမ္ပဏီရဲ့ ကျောက်မိုင်းဖောက်ခွဲရေးလုပ်သား ဖြစ်တယ်လို့လည်း ရဲမှတ်တမ်းက ဆိုပါတယ်။
သေဆုံးသူဟာ ခိုင်မင်းထွန်း (၃၁)နှစ်ဖြစ်ပြီး မိုင်းဖောက်ခွဲရေးလုပ်ငန်းတွေဆောင်ရွက်စဉ် တုန်ခါမှုကြောင့် အနီးရှိ အမြင့်ပေ ၁၅၀ ခန့်ရှိ ကမ်းပါးပေါ်မှ ကျောက်ခဲတွေ ပြုတ်ကျလာကာ ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်ဆေးနိုင်ဖို့ ဖားကန့်ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုင်းဖောက်ခွဲမှုကြောင့် ကုမ္ပဏီဝန်ထမ်း သေဆုံးမှုဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကလည်း မိုင်းဖောက်ခွဲမှုကြောင့် ကုမ္ပဏီ ဝန်ထမ်း ၂ ဦးနဲ့ အရပ်သား ၂ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။
လက်ရှိအခင်းဖြစ်ပွားခဲ့တဲ့ Global Sunlight ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တူးဖော်နေတဲ့ နေရာဟာ တရားဝင်သက်တမ်းရှိ လုပ်ကွက် ဟုတ်၊ မဟုတ်ဆိုတာကို သိရှိနိုင်ဖို့ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း)ကို DVB က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။
Crd : ဇော်မိုးထက် ( ဖားကန့် )

0 comments:

Post a Comment