Monday, June 29, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာနတို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၁)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာနတို့နှင့်တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါသတင်း ဌာနများ၏ မေးမြန်းချက်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပြန်လည် ရှင်းလင်း ဖြေကြားချက်များကို ဖော်ပြလိုက်ရပါသည်-
Arguments and Facts သတင်းဌာနနှင့် တွေ့ဆုံ
သတင်းဌာန ။ ကျွန်တော့်အနေနဲ့ ပထမ ဦးစွာ ကျွန်တော်ဗိုလ်ချုပ်မှူးကြီးကို ခုလို ရုရှားနိုင်ငံကို လာရောက်တဲ့အတွက် ခရီးဦး ကြိုဆိုကြောင်း ပြောလိုပါတယ်၊ ကျွန်တော်တို့ ဒီမော်စကိုမြို့ကနေလည်း ကြိုဆိုကြောင်းနဲ့ ထပ်လောင်းပြောလိုပါတယ်၊
ခုလိုမျိုး ကျွန်တော်တို့ရဲ့ (၇၅)နှစ်မြောက် မဟာမျိုးချစ် အောင်ပွဲကြီး အခမ်းအနားကို လာရောက် တက်ရောက်တယ်ဆိုတာ သိရတဲ့အတွက်လည်း ကျွန်တော်တို့ အနေနဲ့ များစွာဂုဏ်ယူပါတယ်၊ ဒီခရီးစဉ်အတွင်း တွေ့ဆုံမှုတွေ အားလုံးမှာလည်း အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီ Arguments and Facts သတင်းဌာနအနေနဲ့ လည်း ကျွန်တော်တို့ သတင်းဌာန အားလုံးကိုယ်စားလည်း နှုတ်ခွန်းဆက်သချင်ပါတယ်၊ ကျွန်တော်တို့ သတင်းဌာန ကတော့ ဒီရုရှားနိုင်ငံတွင်သာမက ဥရောပမှာပါ များစွာနာမည်ကျော်ကြားတဲ့သတင်း ဌာနဖြစ်ပါတယ်၊ ကျွန်တော်တို့ သတင်းဌာနက ဖြန့်ဝေမှုနဲ့ ပတ်သက်လို့ရှိရင် ၃၃ မီလီယံအထိ ရိုက်နှိပ်ဖြန့်ဝေခဲ့ဖူးတဲ့အတွေ့ အကြုံရှိတဲ့အတွက် ဂင်းနစ် စံချိန်တင်တဲ့အထိရှိခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းဌာနမှာ ကျွန်တော့်အနေနဲ့ ကာကွယ် ရေးနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ပတ်သက် ပြီးတော့ အဓိကတာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ အခုလို ဆောင်ရွက်လျက် ရှိတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံဟာ ဆိုလို့ရှိရင် စစ်ဘက်ဆိုင်ရာမှာ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အလွန်အောင်မြင် တာသိရှိရတဲ့အတွက် ခုလိုအင်တာဗျူးခွင့် ရတဲ့အတွက် ကျွန်တော့် အနေနဲ့ အရမ်းကို ဝမ်းသာမိပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ကောင်းပါပြီ ခင်ဗျား မေးစရာရှိတာတွ ေမေးလို့ရပါတယ်။
သတင်းဌာနမှမေး။ ပထမဦးဆုံးမေးခွန်း အနေနဲ့တော့ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ယခုအချိန် ရုရှားနိုင်ငံသို့ (၇၅) နှစ်မြောက် မဟာမျိုးချစ်အောင်ပွဲ အခမ်းအနားကိုပါဝင် တက်ရောက်တာဖြစ်ကြောင်းသိရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး အား မည်သူက ဖိတ်ကြားသည်ကိုသိရှိလိုသလို ဗိုလ်ချုပ်မှူးကြီးနဲ့ အတူလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေကိုလည်း အကြမ်းဖျင်း မိတ်ဆက်ပေးစေလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော့်ကိုဖိတ်တာတော့ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက ဖိတ်တာဖြစ်ပါတယ်။ ကျွန်တော့်အဖွဲ့နဲ့အတူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ်(လေ) ကျွန်တော်နဲ့အတူ ပါလာပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီရုရှား နိုင်ငံမှာဆိုလို့ရှိရင် အဆွေတော် ဗိုလ်ချုပ်မှူးကြီးနဲ့ပတ်သက်တဲ့ သတင်း တွေ ကိုလည်း မကြာခဏ ကျွန်တော်တို့အနေနဲ့ လည်းဖတ်ကြားရတာ၊ တီဗွီတွေမှာတွေ့မြင် ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီးဟာ မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျွန်တော်တို့လက်နက် ကိုင်အဖွဲ့အစည်းတွေကို ကွပ်ကဲရတဲ့ အကြီးဆုံးဆိုတာ လည်း ကျွန်တော်တို့ သိရှိထားရပါတယ်။ ဒီလိုမျိုးတပ်မတော် အပါအဝင် ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ နယ်စပ်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကိုပါ ကွပ်ကဲရတဲ့တာဝန်ကြီးကို ဘယ်လိုများယူထားပါသလဲ။ တစ်နေ့ကို ဘယ်လောက်များအိပ်ဖြစ်ပါသလဲ။ တာဝန်အရမ်းကြီးပါသလားခင်ဗျ။
ဗိုလ်ချုပ်မှူးကြီး။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိတဲ့ပြဋ္ဌာန်းချက်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျား ခုနကမေးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ ဒီတပ်ဖွဲ့တွေကတော့ ကျွန်တော်တိုက်ရိုက်ကွပ်ကဲတာတော့ မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးကနေပြီးတော့ ကွပ်ကဲပြီးတော့ လုပ်တာပေါ့။ ရဲတပ်ဖွဲ့ဆိုတာရှိတယ်။ ရဲမှာလည်း ၂ ပိုင်းရှိတယ်။ Law Enforcement Police ဥပဒေထိန်းချုပ်တဲ့အဖွဲ့တွေနဲ့ Armed Police သေနတ်ကိုင်တဲ့ရဲတပ်ဖွဲ့ရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့လို့ခေါ်ကြတယ်။ ဒီအဖွဲ့တွေကိုတော့ တိုက်ရိုက်ကိုင်တာတော့ ပြည်ထဲရေးဝန်ကြီးကကိုင်ပါတယ်။ သို့သော် လည်းပဲ ကွပ်ကဲမှုကတော့ ကျွန်တော်ယူထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ အကြီးအကဲဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ တချို့ဟာတွေမှာ ညွှန်ကြားရတာရှိတယ်။ ပူးပေါင်းဆောင်ရွက်ရတာရှိတယ်။
အဲ့ဒီလိုလုပ်ရတဲ့အတွက်ကြောင့် ကျွန်တော့်အတွက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းရာမှာတော့ များစွာအထောက် အကူရတယ်လို့ ကျွန်တော်ပြောချင်တယ်။
သတင်းဌာနမှမေး။ ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်း တစ်ခုထဲမှာ ကျွန်တော်တို့အနေနဲ့ ကြားသိရတာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းဖြစ်သလို၊ မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးဟာ တစ်ကြိမ်ပြောဆိုခဲ့ ဖူးပါတယ်။ ဒီစကားရပ် ကလေးနဲ့ပတ်သက် ပြီးတော့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းမှာ တပ်မတော်အခန်းကဏ္ဍကိုလည်း ကျွန်တော် သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ တော်တော်တော့ ရှည်လျားတယ်ဗျ။ ပြောရလို့ရှိရင်တော့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလကနေစပြီး တော့ပြောရမှာပဲ။ ကျွန်တော်တို့လွတ်လပ် ရေးဆုံးရှုံးသွားရတဲ့အခါကျတော့ ဒီလွတ်လပ်ရေးပြန်ယူခဲ့တဲ့ ဆောင်ရွက်ခဲ့တဲ့နေရာမှာ ခေတ်မီတပ်မတော်မရှိခဲ့ဘူး။ ခေတ်မီတပ်မတော်မရှိတဲ့အခါကျတော့ ဒီလွတ်လပ်ရေးရဖို့ အတွက် ကြိုးစားတဲ့အခါမှာ ခေတ်မီ တပ်မတော်ဖွဲ့စည်းဖို့လည်း ကျွန်တော်တို့ဆီမှာ ရဲဘော်သုံးကျိပ်ဆိုတာ စပြီးတော့မှ ဂျပန်နိုင်ငံမှာသွားပြီး စစ်ပညာသင်ပြီးတော့ ခေတ်မီတပ်မတော်ပြန်ဖွဲ့တယ်။ ပြန်ဖွဲ့ပြီးတော့မှ လွတ်လပ်ရေးရအောင် တပ်မတော်ရဲ့ ရဲဘော်သုံးကျိပ်နဲ့ BIA ကို ကျွန်တော်တို့ စဖွဲ့တယ်။ မြန်မာ့လွတ်လပ်ရေး တပ်မတော်ဆိုတာ ဖွဲ့တယ်။ အဲဒီကနေ ပြီးတော့မှ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ရေးကို ရအောင်တိုက်ခဲ့တယ်။ လွတ်လပ်ရေးရတဲ့ အချိန်မှာပဲ နိုင်ငံရေးသဘောထားတွေ ကွဲလွဲမှုတွေရှိတဲ့အတွက်ကြောင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ် လာတယ်။ လွတ်လပ်ရေးဆုံးရှုံးမှုပြန်ပြီး ဖြစ်လာနိုင်တဲ့အခါကျတော့ တပ်မတော်က ကာကွယ်ပေးတယ်ပေါ့။ အဲ့ဒီကစခဲ့တဲ့သမိုင်းကြောင်းက ၁၉၅၈ ခုနှစ်ကျတော့ နိုင်ငံရေးအကွဲအပြဲတွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေဖြစ်တဲ့ အခါမှာ အိမ်စောင့်အစိုးရဆိုတဲ့ တပ်မတော်တက် လာတယ်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ပြီးတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး တော့အနိုင်ရတဲ့ပါတီကို ကျွန်တော်တို့က အာဏာလွှဲပေးတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ်မှာ ဒီအာဏာရတဲ့အစိုးရက နိုင်ငံကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေဖြစ်လာတယ်။ တပ်မတော်က ဝင်ထိန်းလိုက်ရတယ်။ အာဏာယူလိုက်တယ်ပေါ့။ အဲ့ဒီမှာတပ်မတော် အာဏာဆက်သိမ်းပြီးတော့မှ ၁၉၇၄ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အစိုးရဖွဲ့ပြီးတော့ နိုင်ငံအုပ်ချုပ်ရေး သွားခဲ့တာပေါ့။ အဲ့မှာတပ်မတော်လည်း အမာခံအင်အားစု နဲ့ပါလာခဲ့တယ်။ ဒါပေမဲ့လည်း ၁၉၈၈ခုနှစ်မှာ ဒီဆိုရှယ်လစ် အစိုးရ ရဲ့ တချို့ အားနည်းချက်တွေကြောင့် ပြည်တွင်း ပြည်ပထိုးနှက်ချက်တွေလည်း ပါလာခဲ့တာ ပေါ့။ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းတဲ့အခါမှာတော့ အစိုးရမှာအုပ်ချုပ်မှုယန္တရား ပြိုကွဲသွားတော့ တပ်မတော်က တိုင်းပြည်မှာ ကိုင်တွယ် ဖြေရှင်းမယ့်အဖွဲ့အစည်းမရှိတော့ တပ်မတော်က တိုင်းပြည်ကို ထိန်းပေးခဲ့ရတာပေါ့။ တကယ်က အဲ့ဒီအချိန်မှာ ပြည်သူရဲ့ဆန္ဒက တိုင်းပြည်ကို ပါတီစုံဒီမိုကရေစီစနစ်သွားမယ်ဆိုတဲ့ ပြည်သူရဲ့ဆန္ဒတစ်ခုက ပေါ်လာခဲ့တယ်။
ဒါကြောင့် ပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ၁၉၈၈ အလွန်မှာ တပ်မတော် အစိုးရ တက်လာတယ်။ ဒီလမ်းကြောင်းကိုသွားနိုင်ဖို့အတွက် ထပ်ပြီး ကြိုးစားခဲ့ရတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းပြီးတော့ ၂ဝ၁ဝ မှာရွေးကောက်ပွဲလုပ်တယ်။ ၂ဝ၁၁မှာ အာဏာရတဲ့အစိုးရကို အာဏာလွှဲပေး လိုက်တာပေါ့။ အဲဒီတော့ပြောရမယ် ဆိုရင်ဗျာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှုကာလက နေပြီးတော့ ၂ဝ၁၁ ခုနှစ်ကာလအတွင်းမှာတော့ တပ်မတော်က တောက်လျှောက်ပါလာခဲ့တာတွေ့ရတာပေါ့။ ဒါကြောင့် နိုင်ငံရဲ့ သမိုင်းမှာ တပ်မတော်က ယှဉ်တွဲနေတယ်။ တပ်မတော် ရဲ့သမိုင်းဟာလည်း နိုင်ငံနဲ့ယှဉ်တွဲနေ တယ်။ အလားတူ ကျွန်တော်တို့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းသွားတာ ၂ဝ၁၁ ကနေပြီးတော့ အခု ၂ဝ၂ဝ ပေါ့။ ၁ဝ နှစ် နီးပါး လောက်ရှိသွားပြီ။ဒါဟာလည်း ကျွန်တော်တို့ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း မယိမ်းယိုင်ရအောင် တပ်မတော်က နေပြီး ထိန်းပေးတဲ့အနေအထားတော့ရှိနေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံသမိုင်းနဲ့တပ်မတော် ခွဲခြားလို့မရဘူး။
သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ခန့်ထားနိုင်ခွင့်ရှိ တယ်လို့ သိရပါတယ်။
လွှတ်တော်ထဲက ရာထူးအဆင့်ဆင့်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တွေကို ခန့်ထားနိုင်ခွင့် ရှိတယ်လို့ ကျွန်တော် တို့လေ့လာသိရှိထားရပါတယ်။ ဒီဟာလည်း ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးတည်ငြိမ်မှုအရ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ဒါမှန်မှန်ကန်ကန် ရပ်တည်နိုင်ဖို့ ထိန်းချုပ်ပေးထားတယ်လို့ ကျွန်တော်တို့ကြား သိရပါတယ်။ ဒီလိုမျိုးထိန်းချုပ်မှုဟာ ဘယ်လောက်ထိ ဆက်လက် ထိန်းချုပ်ရမယ်။
ဘယ်အချိန်လောက်ထိ တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး အနားယူသွားမယ်ဆိုတာသိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ခင်ဗျားခုနကပြောတဲ့ထဲမှာ နိုင်ငံရေးတည်ငြိမ်မှုဆိုတာပါတယ်။ နောက်ပြီး ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရှိတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက် လက်နက်ကိုင် ပဋိပက္ခ တွေပေါ် လာသလိုပဲ အဲ့ဒီလက်နက် ကိုင်ပဋိပက္ခတွေက အခုထိ မချုပ်ငြိမ်းသေးဘူး။ အဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိ တယ်။ ဆိုလိုတာ ကတော့ သူကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် ဆန့်ကျင် ရေး အရ လုံခြုံရေးအရ တည်ငြိမ်မှုမရှိဘူး လို့ပြော လို့ရတယ်။ ဒုတိယနိုင်ငံရေးရဲ့ တည်ငြိမ်မှု ၂ဝ၁၁ခုနှစ်ပါတီစုံ ကူးပြောင်းသွားတဲ့အချိန်မှာ ပထမပြည်သူ့လွှတ်တော်မှာ တော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦး ဆောင်တဲ့ အစိုးရ တက်လာတယ်။
ဒုတိယရွေးကောက်ပွဲမှာကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့တက်လာတယ် သွားတာကတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုပုံစံချင်း နည်းနည်းတော့ ကွဲပြားခြားနားတာရှိတယ်။ ဒီလိုပဲ တခြားနိုင်ငံရေးပါတီတွေလည်း ကွဲပြားမှုတွေနဲ့ ကျွန်တော်တို့သွားတာ တွေရှိမှာပဲ။ ဒီလိုပဲ သွားရတဲ့အချိန်မှာ နိုင်ငံရေးအရအတိုက်အခိုက်များလာတော့ ကျွန်တော်တို့မငြိမ်ဘူး။ နိုင်ငံရေးကမငြိမ် ဘူး။ နောက်တစ်ခါနိုင်ငံရေးက မရင့်ကျက် ဘူးပေါ့။ အဲ့ဒီတော့ ဒီနှစ်ခုမရှိသမျှကာလ ပတ်လုံး နိုင်ငံရေးက တည်ငြိမ်မှုရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ကတော့ တပ်မတော်က ဒါကို လုပ်ပေး နေတာဖြစ်တယ်။တကယ်လို့သာတည်ငြိမ် မှုတွေရှိသွားပြီ ဆိုရင်တော့ တပ်မတော်က သူ့ရဲ့လမ်းကြောင်း အတိုင်းပဲ သွားဖို့ရှိပါတယ်။
သတင်းဌာနမှမေး။အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဆွေးနွေးခဲ့သလိုပါပဲ။ ကျွန်တော်တို့ ဒီမြန်မာ့ တပ်မတော်ဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်ကာကွယ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်နေတဲ့အပြင် ပြည်တွင်းသောင်းကျန်းသူတွေ နှိမ်နင်းရေးမှာလည်း စွမ်းစွမ်းတမံကြိုးစားနေတာကို ကျွန်တော်တို့လည်း သတင်းတွေမှာ ကြားသိရပါတယ်။
ဒီလိုမျိုးဆောင်ရွက်နေတဲ့အပြင် ဒီလောက် တာဝန်တွေကြီးလေးတဲ့ကြားကနေ ပြည်သူလူထုအပေါ်ကို ကူညီ စောင့် ရှောက်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ကျွန်တော်တို့ တပ်မတော်အနေနဲ့မပျက်ကွက်ဘဲ အမြဲ ပါဝင် နေတာကို တွေ့ရှိ ပါတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ COVID-19 ကပ်ရောဂါနှင့် ပတ်သက်တဲ့ အချိန်မှာလည်း တပ်မတော်အနေနဲ့ များစွာပါဝင်ဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ကြား သိရပါတယ်။ ဒီလိုဆောင် ရွက်နေမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောစရာလေး များရှိရင် ကျွန်တော်တို့ကြားသိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ တပ်မတော်ဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ နောက်တစ်ခုကလည်း တပ်မတော်သားတွေ ဆိုတာ ပြည်သူတွေရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့ဒီတော့ တပ်မတော်က တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန်ရှိသလို တပ်မတော် သားတွေကလည်း ပြည်သူကိုကာကွယ် စောင့်ရှောက်ပေးဖို့တာဝန် ကူညီပေးဖို့ တာဝန်ရှိတယ်။ ကျွန်တော်က ဒီလိုခံယူ ထားပါတယ်။ ဒီနေရာမှာ ခုနကပြည်သူ ကို ကာကွယ် စောင့်ရှောက် ပေးတယ်ဆိုတာ ကလည်း ပြည်သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တယ်။ ပြည်သူရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးတယ်။ အဲ့ဒီတော့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးသလိုပဲ သူတို့ရဲ့အကျိုး စီးပွားတွေတိုးတက်ဖို့ကိုလည်း ကူညီပေးဖို့ကိုလည်း တပ်မတော်သားတွေရဲ့ စိတ်ထဲမှာ ခံယူချက်ရှိကြတယ်။ အဲ့ဒီတော့ လူတိုင်းက ကျန်းမာမှအလုပ်လုပ်နိုင်မယ်။ ကျန်းမာမှ ပညာသင်ကြားနိုင်မယ်။ အလုပ်လုပ်နိုင် တဲ့သူတွေရှိမှ တိုင်းပြည်ကတိုးတက်မှာ အဲ့ဒီတော့လူတွေ ကျန်းမာရေးက တိုင်းပြည် အတွက်မရှိမဖြစ်လိုအပ်တဲ့အဖြေတစ်ခုပါ။ အဲ့တော့ ဒါကိုတပ်မတော်က ပြည်သူရဲ့ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကို ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးနေ တာဖြစ်တယ်။ ဒါကလည်း တိုင်းပြည်ရဲ့ပြည်သူပြည်သား တွေဟာ တပ်မတော်က ပြည်သူပြည်သား တွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့တပ်မတော်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က လက်ရှိသွားနေတဲ့ COVID-19 ဖြစ်ပွား နေချိန်မှာ တပ်မတော်က အားသွန် ခွန်စိုက် ကူညီပေးနေတာဖြစ်တယ်။ ဒါအခုဖြစ် နေတဲ့ကိစ္စကို ကူညီပေးနေတာ။ ဒါပေမဲ့ ကျွန်တော်တို့ က အခုမှကူညီတာ မဟုတ်ဘူး။
ဟိုးအရင်ကတည်းက ကူညီပေးနေတာ။ ကျွန်တော်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဖြစ်တဲ့ ၂ဝ၁၁ ခုနှစ်က တည်း ကနေ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော့်တပ်မတော်သားဆေးဝန်ထမ်း တပ်ဖွဲ့တွေက တစ်နိုင်ငံလုံးမှာ ကူညီပေး နေတာ၊ ပြည်သူမကျန်ရအောင် လုပ်ပေး နေတာ။ တိုင်းရင်းသားတွေကို ကျန်းမာ အောင်လုပ် ပေးနေတာ။ ဒါကတော့ တကယ်ခံယူချက်၊ ယုံကြည်ချက်ကောင်းတဲ့ စိတ်ကလေးနဲ့ လုပ်ပေးတာ ဖြစ်ပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ မြန်မာ နိုင်ငံနဲ့ ရုရှားနိုင်ငံကြားမှာဆိုလို့ရှိရင် စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု တွေဟာ အရမ်းကိုအောင်မြင်နေတယ်လို့ ကျွန်တော်တို့ ကြားသိထားရပါတယ်။ ဒီအောင်မြင်မှု တွေကို ဆက်လက်ထိန်းသိမ်း ပြီးတော့ နောက်ထပ်အောင်မြင်မှုတွေ ဆက်လက်ရရှိမလား။ ပြီးတော့ မြန်မာ နိုင်ငံပေါ်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက် သောင်းကျန်းသူ နှိမ်နင်းရေးနဲ့ပတ်သက်ပြီးတော့ ရုရှားနိုင်ငံက တစ်ဖက် တစ်လမ်းက ကူညီထောက်ပံ့နေ သလားဆိုတာသိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားနဲ့ မြန်မာနဲ့ပူးပေါင်း ဆောင်ရွက်မှုကျတော့ ကျွန်တော်တို့ကြီးမား တယ်လို့ ကျွန်တော်တို့ ပြောမယ် တော်တော်လည်း အောင်မြင်မှုရှိပါတယ်။ မြန်မာနိုင်ငံ ရဲ့လူမှုစီးပွားတိုးတက်ရေးမှာလည်း တချို့ လည်း တိုက်ရိုက် မဟုတ်တောင် သွယ်ဝိုက်တဲ့ နည်းနဲ့အထောက်အကူရနေပါတယ်။ စောစောကပြောတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ နှိမ်နင်းတဲ့အခါမှာလည်း ရုရှားနိုင်ငံကနေမှ ရတဲ့နည်းပညာတွေကအထောက်အကူ အများကြီး ရနေပါတယ်။ ဒါကတော့ သူတင်မဟုတ်ဘူး။ နိုင်ငံတော်ကာကွယ်ရေးအတွက်ပါ အထောက်အကူရနေပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်နှိမ်နင်းရေး ဆိုတာ တကယ်တော့ အင်မတန်ကျဉ်းမြောင်း ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး အမြင်က ကျယ်ပြန့်တယ်။ နိုင်ငံ တော်ကာကွယ်ရေးအတွက် ကာကွယ်ရေး စွမ်းအား တည်ဆောက်တဲ့ အခါမှာ ရုရှား နိုင်ငံရဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ အများကြီး အထောက်အကူရတယ်လို့ ကျွန်တော် ပြော လိုပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ ဒီလက်ရှိ ယခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် သတင်းအနေနဲ့ဆိုရင် စိတ်အဝင် စားဆုံး ကတော့ ကျွန်တော်တို့ ဒီမကြာမီမှာ လာမယ့် ရွေးကောက်ပွဲတွေဖြစ်မယ်လို့ ကျွန်တော့် အနေနဲ့ ထင်ပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီးဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဒီပြည်သူရဲ့ အားပေးထောက်ခံမှုကို ရထားတဲ့ အနောက်မှာ နိုင်ငံရဲ့အကြီး အကဲ ထဲက တစ်ယောက်ဖြစ်တဲ့ အတွက် ဒီနိုင်ငံရေးအပြောင်းအလဲ ဒီရွေးကောက်ပွဲကာလမှာအဆွေတော် ဗိုလ်ချုပ်မှူး ကြီး အနေနဲ့ ဘယ်အခန်း ကဏ္ဍက နေပါလာနိုင်တယ်ဆိုတာလေးတွေ သိရှိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရွေးကောက်ပွဲဆိုတာ ကတော့ အခြေခံဥပဒေနဲ့အညီလုပ်တယ်လို့ ပြောရမှာပေါ့။ အခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်းချက် တွေနဲ့အညီ လုပ်တာပေါ့။ အခြေခံဥပဒေတွေ ထဲက ပြဋ္ဌာန်းချက်တွေထဲမှာ ဘာတွေပါလဲ ဆိုတော့ လွှတ်တော်ကို ဘယ်လိုဖွဲ့မလဲ၊ ပြည်သူ့လွှတ်တော် ဘယ်လိုဖွဲ့လဲ၊ အမျိုးသားလွှတ်တော်ဘယ်လိုဖွဲ့လဲ၊ ပြည်ထောင်စု လွှတ်တော် ဘယ်လိုဖွဲ့လဲ၊ သမ္မတကို ဘယ်လို ရွေးချယ်ခန့်ထားရလဲ၊ အဲ့မှာတော့ အသေးစိတ် ပါတာပေါ့။ အဓိကကတော့ ဒီရွေးကောက်ပွဲ Process တွေ နောက်တစ်ချက် မှန်မှန်ကန်ကန်နဲ့ တည်တည် ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့က အရေးအကြီးဆုံးပဲ၊ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲ့တော့ ဒီရွေးကောက် ပွဲ လွတ်လပ်ပြီး တရားမျှမျှတတရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ် ၁ အရေးကြီးဆုံး၊၂ဝ၁ဝ မှာ ရွေးကောက်ပွဲ တစ်ခါလုပ်ခဲ့တယ်။၂ဝ၁၅ ခုနှစ် မှာ ရွေးကောက်ပွဲတစ်ခါလုပ်ခဲ့တယ်။ အဲ့ချိန် မှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့တယ်။ ကူညီပေးခဲ့တယ်။ ပူးပေါင်း ဆောင်ရွက် ပေးခဲ့တယ်။ ဒီလိုပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင်ဆောင် ရွက်ရမယ့် တာဝန် ကတော့ နံပါတ် ၁ ဦးစားပေး လုပ်ငန်းဖြစ်တယ်။ အဲ့ဒါယုံကြည်စိတ်ချရမှု ရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့လည်း နိုင်ငံရေးကို ဘယ်လိုဝင်ပြီးတော့မှ ပါဝင်ရမယ် ဆိုတာစဉ်းစားဖို့ဖြစ်လာတာပေါ့။ အရေးကြီး တာကတော့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ နံပါတ် ၁ အရေးအကြီးဆုံးပါ။ ဒါကို ကျွန်တော် တို့က အောင်မြင်အောင်လုပ်ပေးပါ့မယ်။ ရွေးကောက် ပွဲရလဒ် ထွက်ပေါ်လာတဲ့ အချိန်ကျမှ သက်ဆိုင်ရာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီတွေရှိတယ်။ နောက်အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီမှာ အမျိုးမျိုး ဆန္ဒပြုခဲ့ ကြတယ်။
ပြည်သူတွေရဲ့ ဆန္ဒတွေရှိတယ်။ ဒီအပေါ် မူတည်ပြီး ကျွန်တော်ကလည်း ဆက်လုပ်သွားမယ်။ ဒါပေမဲ့ တစ်ခု တော့ ရှိတာပေါ့။ ဖြည့် ပြောချင်တာကဘာလဲ ဆိုတော့ ကျွန်တော်က တပ်မတော်ထဲမှာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့ အကြုံတွေ၊ အရာရှိငယ်ဒုဗိုလ်ဘဝက နေပြီးတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး ရာထူးအထိ အဆင့်ပေါင်း များစွာ ခြေလျင်တပ်စုမှူးက စပြီးတော့ ကျွန်တော် Commander အဆင့်ဆင့် ကျွန်တော် လုပ်ခဲ့တယ်။ စစ်ရေး အတွေ့အကြုံ ကျွန်တော့်မှာရှိတယ်။ နောက်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အတွေ့ အကြုံ၊ စောစောကပြောတဲ့ ခေတ်တွေ ကျွန်တော်မီတယ်။ ကျွန်တော်မြင်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထိ ကျွန်တော်မီတယ်။ တပ်မတော်အစိုးရနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခေတ်သုံး ခေတ်ကို ကျွန်တော် တပ်မတော်သားဘဝနဲ့ ဖြတ်သန်းလာတာ၊ နောက်အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိတယ်။ တိုင်းမှူးလုပ်ခဲ့တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက်ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက်အကူရမယ့် ဟာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကာလအတွင်းမှာ တိုင်းပြည်အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ၊ ကျွန်တော် ဘာကူ ညီပေး ရမလဲ၊ ဘာလုပ်ပေးရမလဲ၊ တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးရမလဲ၊ အချို့ဟာတွေမှာ ကျွန်တော် တိုက်ရိုက် တာဝန်ရှိတဲ့ဟာတွေလုပ် သလိုပဲ အချို့ဟာတွေမှာ တိုက်ရိုက်တာဝန်မရှိဘူး။ ကျွန်တော် လုပ်နေတဲ့ ကိစ္စတွေမှာ ဒါပေမဲ့ တိုင်းပြည်အတွက်လုပ်ပေးမယ်။ ဒီလို စိတ်ကတော့ ကျွန်တော်အသက်ထက်ဆုံး ရှိနေဦးမှာပါလို့ ပြောလိုပါတယ်။
သတင်းဌာနမှမေး ။ ကျွန်တော်တို့အနေနဲ့ ဒီ ၂ဝ၁၅ခုနှစ်မှာ မော်စကိုမှာပဲ အဆွေတော် ဗိုလ်ချုပ်မှူးကြီး ဦးစီးပြီးတော့ ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာ တစ်ခု တည်ထောင် ဖွဲ့စည်းနိုင် ခဲ့တယ်လို့ သိရှိထားရပါတယ်။ ဒါကလည်း ဒီမော်စကိုမြို့မှာ နေထိုင်တဲ့ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေအတွက် အရမ်းကို အားကိုးအားထားပြုရတဲ့ နေရာဖြစ်သလို တကယ့် အောင်မြင်မှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
အခုလက်ရှိမှာ ဗုဒ္ဓဘာသာစင်တာအနေနဲ့ ဘယ်လိုအောင်မြင်မှုတွေရှိပြီးတော့ ဘယ်လို အစီအစဉ်တွေရှိတယ် ဆိုတာကို နည်းနည်း ပြောပြလို့ရမလားခင်ဗျား။
ဗိုလ်ချုပ်မှူးကြီး။ ဒီဗုဒ္ဓဘာသာက ကမ္ဘာမှာလည်း အစောဆုံးပေါ်ခဲ့တဲ့ ဘာသာရေး အယူအဆတစ်ခု၊ အယူဝါဒတစ်ခုပါ။ ဗုဒ္ဓရဲ့ အဆုံးအမတွေကအင်မတန်ကောင်းပါတယ်။ အခြားဘာသာတွေမှာ သူ့အဆုံးအမနဲ့သူရှိ ပါတယ်။ အဲ့တော့ဒါကတော့ မေတ္တာတရား ပေါ့၊ အခုထိသွားတာပေါ့၊ အဲ့တော့ ဒီမှာလည်း ရုရှားမှာလည်း ဗုဒ္ဓဘာသာကိုအခြေခံခဲ့တဲ့ အကြောင်းတရားတွေရှိခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်။ အဲ့တော့ ဒီအခြေခံ လိုက်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်လုပ်ဆောင် ခွင့်ရခြင်းဟာ ပိုပြီးတော့ကောင်းပါတယ်။ သူ ယုံကြည် ရာ၊ ယုံကြည်ရာနဲ့ လုပ်ကြတာပေါ့၊ ဒါကြောင့်လည်း ကျွန်တော်က ဒီမှာထေရ ဝါဒဗုဒ္ဓဘာသာ ကျောင်းလေး တစ်ခုဖြစ်အောင် ကြိုးစားခဲ့တာရှိပါတယ်။ အခုလည်း ကျွန်တော် အောင်မြင်နေပါတယ်။ မကြာခင်မှာလည်း ဗုဒ္ဓဘာသာရဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ သိမ်တစ်ခု ဆောက်နေပါတယ်။ ဆောက်ဖို့အတွက်စီစဉ် နေတာပါ၊ အလားတူပဲ ယဉ်ကျေးမှုစင်တာမှာလည်း ဗုဒ္ဓနဲ့ပတ်သက်တဲ့ရွှေစည်းခုံစေတီတော် ပုံတူပုံစံတစ်ခု ကျွန်တော်တို့ သီတဂူ ဆရာတော် ဘုရားကြီးဦးဆောင်မှုနဲ့ တည်နေတာရှိပါတယ်။ ဒါလည်း ပြီးသလောက်ဖြစ်နေပါပြီ၊ မကြာခင် မှာလည်း ကျွန်တော်တို့ ဒါကို ဖွင့်ပွဲ လေးလုပ်ဖို့လည်းရှိပါတယ်။ ရုရှားနိုင်ငံမှာ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက် ပြီးတော့ တကယ်လို့များ စိတ်ဝင်စားတယ်၊ ယုံကြည်မှုရှိတယ်ဆိုလို့ရှိ ရင် သူတို့အတွက် ရုရှားနိုင်ငံသူ၊ နိုင်ငံသား များအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
သတင်းဌာနမှမေး။ ကျွန်တော်တို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ရုရှားနိုင်ငံကို မကြာခဏ အလည် အပတ်ခရီးတွေ၊ ဒီလုပ်ငန်း ဆိုင်ရာခရီးစဉ်တွေ လာရောက်တာကိုသိရှိရပါတယ်၊ အခုလို လာရောက်တဲ့အချိန်မှာ ရုရှားနိုင်ငံရဲ့ ပြောင်းလဲမှုအပေါ် ဘယ်လိုအမြင် ရှိပါသလဲနဲ့ နောက်ထပ်တစ်ကြိမ်ဘယ်တော့ လာမှာလဲဆိုတာ လေး သိလိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး။ ရုရှားကတော့ ကျွန်တော် ဒီအကြိမ်လာတာ ၆ ကြိမ်မြောက် လာခြင်း ဖြစ်တယ်၊ ရုရှားနိုင်ငံက ပြောရရင် သမိုင်းမှာလည်း အများကြီးရှည်လျားတဲ့သမိုင်းကြောင်း ရှိတယ် ဘုရင်နိုင်ငံလည်းဖြစ်တယ်၊ အဲ့ဒီက နေပြီးတော့မှ ဆိုဗီယက်ဆိုရှယ်လစ် ဆိုဗီယက် နိုင်ငံတစ်ခုလည်းရှိတယ်၊ ဒီဘက်မှာတော့ ရုရှားဖက်ဒရေးရှင်းအနေနဲ့ ရှိတာပေါ့၊ ရုရှား နိုင်ငံရေးပြောင်းလဲမှုတွေမှာ ရုရှားပြည်သူတွေ အတွက် ခေတ်အလိုက်ခေါင်းဆောင်တွေ ကြိုးစား အားထုတ်မှုတွေကြောင့် ရုရှားနိုင်ငံ ခေတ်မီတိုးတက်လာတာတွေ ငြင်းလို့မရပါဘူး။
လက်ရှိမှာလည်း ကမ္ဘာမှာ ခေတ်မီနည်းပညာ တွေရှိတဲ့ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တယ်၊ ကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်တယ်၊ သူ့နိုင်ငံနဲ့သူပဲ တခြားနိုင်ငံကောင်းတာတွေရှိသလို ရုရှားနိုင်ငံရဲ့အားသာချက်တွေအများကြီးရှိတယ်၊ ဒါတွေက ကျွန်တော်တို့အတွက် အများကြီး အထောက်အကူရတယ်၊ ကျွန်တော်တို့ဒါတွေ ကြည့်ပြီးတော့မှ ငါတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်က ဒီလိုစဉ်းစားတာပေါ့။ ရုရှားနိုင်ငံလာတဲ့အချိန်မှာ ငါ့တိုင်းပြည်အတွက် ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတဲ့ဟာကို အဲ့လိုမျိုးဆိုရင်တော့ ကိုယ် လိုချင်တိုင်းရတာ မဟုတ်ဘူး၊ အချို့က သင်ယူ ရတယ်၊ အချို့ဟာတွေ ပူးပေါင်းဆောင်ရွက် ရတာရှိတယ်။ အချို့ကျတော့ လာရောက်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ ခင်ဗျားတို့လာပါဆို ပြီးတော့ ဖိတ်ခေါ်တာရှိတယ်။ ဒီလိုနဲ့တိုင်းပြည် တိုးတက်အောင် လုပ်ရတယ်၊ သင်ယူရတဲ့ အပိုင်းဆိုရင် ကျွန်တော်တို့ဆီမှာ တပ်မတော် က အရာရှိတွေ အများကြီးပဲ ရုရှားမှာပညာ သင်ခိုင်းတယ်၊ သိပ္ပံပညာသင်ခိုင်းတယ်၊
နည်းပညာ ဒီမှာလာသင်ခိုင်းတယ်၊ စစ်ပညာသင်ခိုင်းတယ်၊ အများကြီးရှိတယ်၊ ကျွန်တော် တို့ ရုရှားမှာ ရုရှားပညာတော်သင် လွှတ်ထားပါတယ်၊ အဲ့ဒီလူတွေ မြန်မာနိုင်ငံမှာအများကြီး တာဝန်ထမ်းဆောင်နေတာရှိပါတယ်၊ အဓိက ကောင်းတဲ့ဟာတွေ ကိုယ်နဲ့မျက်စိမြင်တာရှိတယ်၊ သူတို့ ယူခဲ့တာတွေရှိတယ်၊ သူတို့က တိုင်းပြည် အတွက် တိုးတက်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့လုပ်ကြတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အများကြီး အထောက် အကူရတာပေါ့၊ ဒါကြောင့် ရုရှားနိုင်ငံဟာ ကျွန်တော့်အတွက် ယူလို့ရတဲ့အရာတွေ၊ အများကြီးရှိတယ် လို့ပြော လိုပါတယ်၊ နောက် တစ်ခါလာဖို့ကတော့ အခါအခွင့်သင့်ရင်ကျွန်တော်ခဏခဏ ရောက်မှာလို့ ကျွန်တော် ပြောလိုပါတယ်၊ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့တိုင်းပြည်တစ်ခုပါ။
သတင်းဌာနမှမေး။ ကျွန်တော်တို့အနေနဲ့ခုလို ဆွေးနွေးခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်၊ အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ အဆွေတော်ဗိုလ်ချုပ်မှူးကြီးကို ယခု လက်ရှိ တာဝန် ထမ်းဆောင်နေစဉ်မှာလည်း အောင်မြင်မှုတွေအများကြီးရရှိပါစေကြောင်းနဲ့ ကျွန်တော်တို့ ဒီလာမယ့် ရွေးကောက်ပွဲ ကာလမှာလည်း အဆွေတော် ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သလိုပဲ ဒီတပ်မတော်ရဲ့ အင်အားနဲ့ ဒီမှန်ကန်တဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ပါစေကြောင်း ကျွန်တော် ဆုတောင်းပေးပါတယ်။ မြန်မာနိုင်ငံအတွက် သာမက တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီး နေတဲ့ရွေးကောက်ပွဲအတွက် ကျွန်တော် ဗိုလ်ချုပ်မှူးကြီးကို အများကြီးအားကိုးပါတယ်။
ဆက်လက်ဖော်ပြပေးသွားပါမည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment