Tuesday, June 30, 2020

အိန္ဒိယထုတ် COVID-19 ကာကွယ်ဆေးကို လူတွေမှာ ဇူလိုင်လအတွင်း စမ်းသပ်မည်

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးသစ်တစ်မျိုးကို ဇူလိုင်လအတွင်း လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech က အရေအတွက် မဖော်ပြထားတဲ့ ပါဝင်စမ်းသပ်ခံသူတွေကို ကာကွယ်ဆေးစမ်းသပ်သွားမယ်လို့ သိရပါတယ်။ ထိုကာကွယ်ဆေးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့မှုအရ ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေကြောင်း တွေ့ရှိထားပါတယ်။
ယခု စမ်းသပ်မှုဟာ ကမ္ဘာတစ်ဝှမ်း ပြုလုပ်နေကြတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေအနက် အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး ၁၂၀ ဝန်းကျင်ကို ထုတ်လုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကုမ္ပဏီ ၆ ခုက ကာကွယ်ဆေးများ ထုတ်လုပ်နေပါတယ်။ ယခု စမ်းသပ်သွားမယ့် COVID-19 ကာ ကွယ်ဆေးဟာ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကနေ ဖန်တီးထားတဲ့ အိန္ဒိယနိုင်ငံထုတ် ပထမဆုံး ကာကွယ်ဆေးဖြစ် ကြောင်း ဖော်ပြပါတယ်။
ကာကွယ်ဆေးထုတ်ရာမှာ အသုံးပြုတဲ့ ဗိုင်းရပ်စ်ကို ပြည်တွင်းမှာပင် သီးခြားခွဲထားပြီး ဓာတ်ခွဲခန်းမှာ အားလျော့နည်းစေရန် ဖန်တီးလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ ရရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးဗီဇဟာ ကာကွယ်ဆေးကို အလျင်အမြန် ထုတ်လုပ်ရာမှာ အရေးပါကြောင်း ဇီဝနည်းပညာကုမ္ပဏီက ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်တွေက Bharat Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။ Bharat Biotech ရဲ့ ကာကွယ်ဆေးကို လူတွေမှာ မစမ်းသပ်မီ လေ့လာမှုများအရ ဘေးကင်စိတ်ချရပြီး ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေကြောင်း တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိုသို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စမ်းသပ်မှုနှစ်ခုဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုထက် ဘေးကင်းစိတ်ချရမှုရှိ မရှိကို အဓိက စမ်းသပ်မှာလည်း ဖြစ်ပါတယ်။ Covaxin အမည်ရှိ COVID-19 ကာကွယ်ဆေးကို Bharat Biotech ကုမ္ပဏီ၊ အိန္ဒိယအစိုးရရဲ့ National Institute of Virology နဲ့ Indian Council of Medical Research တို့က ပြည်တွင်းမှာ ပူးပေါင်း ထုတ်လုပ်ခဲ့ကြကြောင်း Bharat Biotech ရဲ့ ဥက္ကဌ ဒေါက်တာ Krishna Ella က ပြောပါတယ်။
ကမ္ဘာတစ်ဝှမ်း ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါအတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ကျွမ်းကျင်သူအများစုကတော့ ကာကွယ်ဆေးတစ်ခုကို COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) စတင်တွေ့ရှိခဲ့ပြီး ၁၂ လမှ ၁၈ လအတွင်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ရရှိလာနိုင်ဖွယ်ရှိကြောင်း ထင်မြင်ယူဆထားကြပါတယ်။
Ref ; Duwun

0 comments:

Post a Comment