Monday, June 29, 2020

စစ်ကိုင်း(အင်းဝ)တံတားပေါ်မှ မန္တလေးတက္ကသိုလ်ကျောင်းသားတစ်ဦး ခုန်ချသတ်သေရန် ကြိုးပမ်းမှုကိုအချိန်မှီတားဆီးနိုင်ခဲ့

စစ်ကိုင်း(အင်းဝ)တံတားပေါ်မှ ညအချိန်တွင် ခုန်ချသတ်သေရန် ကြိုးပမ်းသူ မန္တလေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးအား စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့က အချိန်မီ တားဆီး နိုင်ခဲ့သည်။
ဇွန် ၂၈ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က မန္တလေးဘက်ခြမ်းမှ စစ်ကိုင်းဘက်ခြမ်းသို့ လာရောက်ကာ တံတားအလယ်တွင် ဆိုင်ကယ်ရပ်ပြီး ခုန်ချရန် ကြံစည်နေစဉ် တားဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ်အေးသက်မောင်က ပြောသည်။
"ကျွန်တော်တို့ တံတားပေါ်ကို ကင်းလှည့်ချိန်မှာ မန္တလေးဘက်ခြမ်းကနေ စစ်ကိုင်းဘက်ခြမ်းကို ဝင်လာတဲ့ ဆိုင်ကယ်တစ်စီးကို လှမ်းတွေ့လိုက်ပါတယ်။ တံတားပေါ်မှာ သူကဆိုင်ကယ်စက်သတ်ပြီး ရပ်လိုက်တာတွေ့တော့ သူ့နားကို ကျွန်တော်တို့ ပြေးသွားကြပါတယ်။ သူက သူ့သူငယ်ချင်းကို နှုတ်ဆက်ရင်းဆိုင်ကယ်ကို အင်းဝတံတားမှာ လာယူဖို့မှာနေတာ။ ကျွန်တော်တို့က အကျိုးအကြောင်းမေးတော့ သူကခုန်ချဖို့ ပြင်ဆင်နေတာပေါ့။ ဆိုင်ကယ် လာယူဖို့ ပြောနေတာ။ ကျွန်တော်တို့က မင်းဘာစိတ်ညစ်စရာရှိတာလဲ မေးမြန်းပြီး ရဲကင်းစခန်းကိုခေါ်လာပြီး သူ့မိဘတွေနဲ့ဆက်သွယ်ပြီး ရဲစခန်းကို အပ်ပေးလိုက်ပါတယ်။ ရဲစခန်းကနေ သူ့မိဘတွေကိုခေါ်တွေ့ဆုံပြီး ပြန်အပ်နှံပေးလိုက်ပါတယ်။ တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားလို့ သိရပါတယ်"ဟု ဒုရဲအုပ်အေးသက်မောင်က ပြောသည်။
ယခုနှစ်အတွင်း ပြီးခဲ့သောမေလက စစ်ကိုင်း(အင်းဝ)တံတားပေါ်မှ အမြွှာညီအစ်မနှစ်ဦး ခုန်ချသတ်သေခဲ့မှုအပါအဝင် စစ်ကိုင်းတံတားပေါ်မှ ခုန်ချသတ်သေမှု နှစ်မှုရှိခဲ့ပြီး သုံးဦးသေဆုံးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စစ်ကိုင်း(အင်းဝ) တံတားနှင့်စစ်ကိုင်း (ရတနာပုံ) တံတားပေါ်မှ ကလေးငယ်ကိုချီပိုးပြီး ခုန်ချသတ်သေမှုအပါအဝင် ခုန်ချသတ်သေမှု ခုနစ်မှုဖြစ်ပွားခဲ့ကာ ခုန်ချခဲ့သူရှစ်ဦးတွင် ခုနစ်ဦးအသက်ဆုံးရှုံးခဲ့သည်။
"ကျွန်တော်တို့ အင်အားနည်းပေမယ့်ရှိတဲ့အင်အားနဲ့ တစ်နာရီတစ်ကြိမ် အမြဲတမ်း တံတားပေါ်မှာ ကင်းပတ်နေပါတယ်။ တကယ်တော့ လူတိုင်းက စိတ်ညစ်စရာ အသီးသီးရှိကြတာပါပဲ။ တခြားနည်းတွေနဲ့ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ တံတားကြီးက စီးနေတာမဟုတ်ပါဘူး။ တချို့က ကိုယ့်ရဲ့စိတ်ခံစားမှုက အားနည်းတဲ့သူတွေ ရှိမှာပါ။ အားနည်းတဲ့သူတွေက ကိုယ့်ကိုယ်ကို ဒီလိုထွက်ပေါက်ရှာတယ်လို့ သုံးသပ်ပါတယ်။ တံတားက တစ်ဖက်က ဧရာဝတီတံတားနဲ့စာရင် ဘာအားနည်းချက်ရှိနေလဲဆိုတော့ ရထားလမ်းရှိနေပြီး ရထားလမ်းဇလီ ဖားတုံးအောက်က အကုန်အပေါက်တွေပါ။ ဟိုဘက်က မခုန်ချလည်းပဲ ဒီဘက်ခြမ်းက ခုန်ချဖို့အလားအလာ များတာပေါ့။ ရထားလမ်းအပြည့် သံဇကာတွေ အကုန်ကာထားနိုင်ရင် ကောင်းတာပေါ့"ဟု ဒုရဲအုပ်အေးသက်မောင်က ပြောသည်။

Crd : Myanmar Times

0 comments:

Post a Comment