Monday, June 29, 2020

ဇူလိုင် ၁ ရက်မှစ၍ ဖားကန့်လုပ်ကွက်များ သုံးလပိတ်သိမ်းရန်နှင့် ခိုးကျင်း မတူးဖော်ရန် အပါအဝင် အချက် ၁၀ ချက် ညွှန်ကြားထား

ဖားကန့်လုပ်ကွက်များ ဇူလိုင် ၁ ရက်မှ သုံးလပိတ်သိမ်းရန်နှင့် ခိုးကျင်း မတူးဖော်ရန် အပါအဝင် အချက် ၁၀ ချက် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိ အခြေ အနေအရ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုမှုကြောင့် လူသေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက တင်ပြချက်အရ သုံးလအတွင်း လုပ်ငန်းများလုံးဝရပ်နားထားရန်၊ အန္တရာယ်ကြိုတင်ကာကွယ်မှု အစီအမံ ဆောင် ရွက်ထားရန် ညွှန်ကြားထားခြင် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ ဇွန်လ ၂၆ ရက် ဆွေးနွေး ဆုံးဖြတ်ချက်အရ ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများသည် လုပ်ငန်းရပ်နားစဉ် ကာလအတွင်း မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် အချက် ၁၀ ချက်ကိုလည်း လိုက်နာရန် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်များ တွင် (က) လုပ်ငန်းရပ်နားစဉ် ခေါင်းပေါင်းမြေစာ (အပေါ်ယံမြေလွှာ) ဖယ်ရှားခြင်း၊ ကျောက်စိမ်းရိုင်းပါ မြေစာပုံတွင် ကျောက်ရှာခြင်း၊ ရေပန်းထိုးရှာခြင်းများ မပြုလုပ်ရန်၊ (ခ) ကျောက်စိမ်းရိုင်းပါ မြေစာပုံအား ရှာဖွေခြင်းလုပ်ငန်း မပြီးသေးပါက ခိုင်ခံသော ခြံစည်းရိုးများဖြင့် လုံခြုံစွာထားရန်၊ (ဂ) ယာယီရပ်နားခြင်း မပြုမီ ကျောက်စိမ်းရိုင်းတုံးများကို တန်ဖိုးဖြတ် ရတာခွန်ဆောင်၍ နေပြည်တော်သို့ သယ်ဆောင် ထိန်းသိမ်းရန်၊ ဆောင်ရွက်လိုသည့် ကျောက်စိမ်းရိုင်း၊ အရေအတွက် အလေးချိန် (ခန့်မှန်း) ကို လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနသို့ ကြိုတင်ပေးပို့တင်ပြရန် (ဃ) စက်ယန္တရားများ ကုမ္ပဏီဝင်းအတွင်း ထားရန်၊ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနသို့ ဇူလိုင် ၁ ရက်နေ့ မတိုင်မီ စာရင်းပေးပို့ရန် (င) ယန္တရားပြင်ဆင်ရေး ကုမ္ပဏီဝင်းအတွင်း လုပ်ဆောင်ရန် (စ) စက်ယန္တရားများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် (ဆ) ယမ်းနှင့် ဆက်စပ်ပစ္စည်းများ လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းဆည်းရန် (ဇ)လုံခြုံရေးဝန်ထမ်း အင်အားစာရင်းကို ဇူလိုင် ၁ ရက်မတိုင်မီ လုံးခင်း-ဖားကန့် တူးဖော်ရေးဌာနသို့ ပေးပို့ရန် (စျ) လုံခြုံရေး ချိုးဖောက်ခံရမှု ၊ထူးခြားဖြစ်စဉ် ရှိလာပါက သတင်းပို့နိုင်ရေးအတွက် သတင်းပို့စနစ်များ တင်ပြရန် (ည) သက်တမ်းကုန် လုပ်ကွက်များကို တရားမဝင် ဝင်ရောက်တူးဖော်ခြင်း မပြုရန် (ခိုးကျင်း မတူးကြရန်) စသည့် အချက် ၁၀ ချက်ကို တိကျစွာ လိုက်နာရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “ ထုတ်ပြန်ချက်တော့ လွှတ်တော်ကနေ ညှိနှိုင်းစည်းဝေးပြီး ရပ်နားဖို့ ဆုံးဖြတ်တာပေါ့။ မြေပြိုဘေး၊ ရေကန်တွေ ပေါက်ကြတဲ့ဘေးတွေ ရှိတာကြောင့် လူတွေသေလို့ပေါ့။ ဒါပေမယ့် အခုလူသေမှုဖြစ်စဉ်တွေက ခိုးကျင်းတူးတဲ့ အခြေအနေမှာ ဖြစ်နေကြတာ။ တရားဝင်လုပ်ငန်းခွင့်မှာတွေ မဟုတ်ကြဘူး။ ဒီဘေးအန္တရယ်ဖြစ်စဉ်တွေက ရှိနိုင်သေးတယ်။ တချို့ခိုးကျင်းတွေကြတော့ စက်ယန္တရား ကြီးကြီးမားမားတွေ သုံးတော့ ဒါတွေကို တားမြစ်ချင်တဲ့ သဘောတွေကြောင့် ထုတ်ပြန်ချက်ထုတ်တာလို့ ထင်ပါတယ်။ ဒီမှာက ခိုးကျင်းကိစ္စတွေကလည်း ပလူပျံနေတာကို”ဟု ဆိုသည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်အထိ ရှိခဲ့သည်။ NLD အစိုးရ လက်ထက်တွင် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိတော့ပဲ လုပ်ကွက်ဧရိယာ အကျယ်အဝန်းနှင့် ပေါင်းစပ်တူးဖော်ခွင့်များကို ကန့်သတ်ခဲ့သည်။
လက်ရှိတွင် အကျိုးတူလုပ်ကွက် လေးခု၊ ပုဂ္ဂလိက လုပ်ကွက် ၆၃၆ ကွက်ရှိပြီး အများစုမှာ ခိုးတူးနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်း လုပ်ကွက်များတွင် တရားမဝင် တနိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး မြေပြိုမှုကြောင့် လစဉ်မြေပြိုသေဆုံးမှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။
ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ် တိုင်းနေရာအနှံ့ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီမှာ မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ ၊ ယင်းမြေသား ပြိုကျမှုများကြောင့် အောက်ခြေရေအိုင်မှ လှိုင်လုံးကြီးများကြောင့် ရေအိုင်ကမ်းပါးတွင် ကျောက်ရှာနေသူများအား ရေအားဖြင့် ဆွခြမှုများ မကြာခဏ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ် မိုးတွင်းကာလတွင် ကျင်းဟောင်းနွံကန်များ ပေါက်ကျမှုကြောင်း လူပေါင်း ဆယ်ချီ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ရပ်နားကြရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Crd : Eleven

0 comments:

Post a Comment