Tuesday, June 30, 2020

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် တပ်မတော် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဟာ တပ်မတော်ရဲ့နံပါတ်တစ် ဦးစားပေးလုပ်ငန်းဖြစ်ပြီး ဒါကိုအောင်မြင်အောင်လုပ်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံကိုရောက်ရှိနေစဉ် Arguments and Factsသတင်းဌာနနဲ့ အင်တာဗျူးမှာ ရွေးကောက်ပွဲကာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘယ်အခန်းကဏ္ဍကနေ ပါလာနိုင်မလဲဆိုတဲ့ မေးမြန်းမှုအပေါ် အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကဖော်ပြထားပါတယ်။
ရွေးကောက်ပွဲဆိုတာ အခြေခံဥပဒေနဲ့အညီလုပ်တယ်လို့ ပြောရမှာဖြစ်ကြောင်း၊ အခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်းချက် တွေနဲ့အညီ လုပ်တာဖြစ်ကြောင်း၊ အဓိကအနေနဲ့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှမျှတတ ရွေးကောက်ပွဲ ဖြစ်ဖို့က နံပါတ် ၁ အရေးကြီးဆုံးဖြစ်ကြောင်း၊၂ဝ၁ဝ ၊၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ တပ်မတော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် တာဝန်ယူဆောင် ရွက်ပေးခဲ့ကြောင်း၊ ဒီလိုပဲ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဒီလိုဖြစ်အောင်ဆောင်ရွက်ရမယ့် တာဝန်ကတော့ နံပါတ် ၁ ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း၊ ဒါကို အောင်မြင်အောင်လုပ်ပေးပါ့မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့တာပါ။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လုံခြုံရေးအရ တည်ငြိမ်မှုမရှိတာနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတာတွေကြောင့် တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်နေရတာဖြစ်ပြီး တည်ငြိမ်မှုတွေရှိသွားပြီဆိုပါက တပ်မ တော်က တပ်မတော်ရဲ့လမ်းကြောင်းအတိုင်းပဲ သွားဖို့ရှိတယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားခဲ့ပါ တယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးရဲ့ဖိတ်ကြားချက်အရ ရုရှားနိုင်ငံမှာကျင်းပတဲ့ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ ဇွန် (၂၂)ရက်က ရုရှားနိုင်ငံကိုသွားရောက်ခဲ့တာပါ။
Source - One News Myanmar

0 comments:

Post a Comment