Monday, June 29, 2020

နတ်တလင်း၊ ချင်းကုန်းကံရှိ စားကျက်မြေပေါ်တွင် စိုက်ပျိုးသူနဲ့နွားကျောင်းသူ လူဦးရေတရာကျော် တတိယမြောက် ပဋိပက္ခဖြစ်ပွား

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ချင်းကုန်းကံအုပ်စုထဲက စားကျက်မြေပေါ်မှာ ယမန်နေ့မနက်က မြေပဲစိုက်သူတွေနဲ့ ဒေသခံနွားမွေးသူတွေ နွားဝင်ကျောင်းရာကတတိယမြောက် ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးထိခိုက်ဒဏ်ရာရရှိသူများရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ချင်းကုန်းကံအုပ်စု ကက္ကိုမြောင်ရွာနဲ့ကန်ကလေးရွာက နွားအကောင် ၅၀၀ လောက်နဲ့ ရွာသားရာဂဏန်းကျော်က နွားဝင်ကျောင်းခဲ့တာဖြစ်သလို မြေပဲစိုက်ပျိုးကြသူတွေကလည်း အင်အားရာဂဏန်းကျော်နဲ့ ဟန့်တားမောင်းထုတ်ကြရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ကုက္ကိုမြောင်ရွာသားတဦးကပြောပါတယ်။
"မြေပဲပင်တွေက တလခွဲလောက်ဖြစ်နေပြီ နွားတွေဝင်ကျောင်းတော့ မောင်းထုတ်ကြရင်း ကျွန်မတို့ရွာသားတွေလည်း ဒဏ်ရာရခဲ့သူတွေရှိပါတယ်"လို့ မြေပဲစိုက်ပျိုးသူပွဲသာရွာသူတဦးက ပြောပါတယ်။
"သူတို့က စာတင်ပြီးမှ ကျောင်းတာထွေအုပ်လည်းတင်တယ်မြို့နယ်မှူးရုံးလည်း တင်တယ်။ လွတ်တော်ကိုလည်းတင်တယ်။ ကျွန်တော်တို့ဘယ်နေ့ ဘယ်ရက်ကျောင်းမယ်ဆိုပြီးအဲလိုစာတင်ပြီးကျောင်းတာ"လို့ ချင်းကုန်းကံအုပ်စုအုပ်ချုပ်ရေးမှူးဦးဌေးအောင်က ပြောပါတယ်။
စားကျက်မြေအတွင်း စိုက်ပျိုးသူနဲ့ နွားကျောင်းသူတွေပဋိပက္ခဖြစ်ပွားတဲ့အတွက် နတ်တလင်းမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့က ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရတယ်လို့ လိုက်ပါသွားခဲ့သူ တာပွန်နယ်မြေရဲစခန်းက စခန်းမှူးရဲအုပ်အောင်သပြေထံက သိရပါတယ်။
အာဏာပိုင်တွေက ဘာမှထိရောက်အောင်မတားဆီးတဲ့အတွက် အခုလိုပြဿနာဖြစ်နေတာဖြစ်ကြောင်း ချင်းကုန်းကံအုပ်စု၊ ကံကလေးရွာသား ကိုဝင်းမြင့်ကဆိုပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်း ၅ရက်နေ့နဲ့ ၈ရက်နေ့တွေကလည်း အဲဒီစားကျက်မြေအတွင်း စိုက်ပျိုးသူနဲ့ နွားကျောင်းသူတွေထိပ်တိုက်တိုးခဲ့ရာ အခုအကြိမ်အပါအဝင် ပဋိပက္ခဖြစ်ပွားမူ သုံးကြိမ်ရှိပြီလို့ သိရပါတယ်။
သတင်း-အောင်ကြီး
Crd : မြေလတ်အသံ

0 comments:

Post a Comment