Tuesday, June 30, 2020

ထိုင်နိုင်ငံမှာ ညပိုင်းလူစည်ကားတဲ့ nightlife နေရာမျိုးတွေကို ပြန်လည် ဖွင့်ခွင့်ပေးမည်

ထိုင်နိုင်ငံမှာ ညပိုင်းလူစည်ကားတဲ့ nightlife နေရာမျိုးတွေကို ဗုဒ္ဓဟူးနေ့(ဇူလိုင်၁)မှာ ပြန်လည် ဖွင့်ခွင့်ပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ စီးပွားရေးနဲ့ ဆေးကုသမှုခံယူဖို့ လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေလည်း ပြန်လည်လက်ခံဖို့ ပြင်ဆင်နေကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၈ ဦးရှိပြီး ၃,၁၆၉ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။ ကပ်ရောဂါပိုးကို ဇန်နဝါရီ လလယ်ပိုင်းက ထိုင်းနိုင်ငံမှာ စပြီးတွေ့ရှိခဲ့တဲ့အတွက် တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ ပထမဦးဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
နယ်စပ်ဂိတ်တွေကို ပိတ်ထားတဲ့အတွက် နိုင်ငံ့စီးပွားရေးကို အထိနာစေခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘားတွေ၊ အ နှိပ်ခန်းတွေ၊ ကာရာအိုကေ ခန်းမတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြရပါတယ်။
ထိုင်းဝန်ကြီးချုပ်က နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိတာ တစ်လကျော်နေပြီဖြစ်တဲ့အတွက် ရောဂါ ပိုးကူးစက်မှု အန္တရာယ်အများဆုံး လုပ်ငန်းတွေကို ဗုဒ္ဓဟူးနေ့မှာ ဖွင့်ခွင့်ပေးမယ်။ နိုင်ငံတွင်းက ဝင်ငွေတစ် ပြားတစ်ချပ်မှ မရှိတဲ့ မိသားစုတွေကို စောင့်ရှောက်ဖို့ဟာ အဓိက အချက်ဖြစ်တယ်။ထိုင်းနိုင်ငံရဲ့ကျန်းမာရေး စနစ်ကလည်း ဖြစ်လာမယ့် အခြေအနေကို ကိုင်တွယ်ရန် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
ဘားတွေ၊ ကလပ်တွေ၊ ကာရာအိုကေ ခန်းမတွေကို ဇူလိုင် ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခွင့်ပေးမှာဖြစ်ပါတယ်။ ဆိုင်တွေအားလုံးဟာ သန်းခေါင်ယံအချိန်မှာ ပိတ်ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး စည်း မျဉ်းကို လိုက်နာဖို့ လိုအပ်ပါတယ်။
အနှိပ်ခန်းနဲ့ ပြည့်တန်ဆာခန်းလို နေရာတွေကို လာရောက်သူတွေအား အစိုးရရဲ့ ဇစ်မြစ်ရှာဖွေရေး အက်ပလီကေးရှင်းမှာ မှတ်ပုံတင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။
ဝန်ထမ်းတွေဟာ သတ်မှတ်ထားတဲ့အချိန်တွေမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးရန်လိုအပ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် COVDI-19 ထိန်းချုပ်ရေးဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ အလုပ်ဗီဇာနဲ့လာမယ့် နိုင်ငံခြားသားလုပ်သားတွေ၊ ထိုင်းနိုင်ငံသားတွေရဲ့ အိမ်ထောင်ဖက်၊ မိသားစုဝင်တွေ နဲ့ ကျန်းမာရေးအတွက် လာရောက်မယ့်သူတွေကို နိုင်ငံတွင်း ဝင်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။
ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ် နဲ့ ဟောင်ကောင်မှ လာရောက်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ခွင့်ရှိပေမယ့် ကိုယ့်အစီအစဉ်နဲ့ ဟိုတယ်တွေမှာ သီးသန့် ခွဲခြား နေထိုင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။ နိုင်ငံကို လာရောက်လည်ပတ်မယ့် ခရီးသွားတွေကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။
Ref ; AFP / MDN

0 comments:

Post a Comment