Tuesday, June 30, 2020

အတိုင်ပင်ခံညွှန်ကြားချက်ဟုဆိုကာ တောင်ဥက္ကလာပ ၄ ရပ်ကွက်ရှိ ကွက်လပ်မြေ ၄ ဧက ကျော်ကို ဧဒင်မြန်မာပရဟိတအဖွဲ့ထံသို့ ငွေကျပ်သိန်း ၅၈၀၀ ဖြင့် နှစ် ၆၀ ဂရန်ချပေးမှု ရပ်ကွက်နေပြည်သူများက သဘောမတူဘဲ ပြန်လည်စိစစ်ရန်တင်ပြထားကြောင်းသိရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟုဆိုကာ တောင်ဥက္ကလာပ ၄ ရပ်ကွက်ရှိ ကွက်လပ်မြေ ၄ ဒသမ ၉၆၂ ဧကကို နိုင်ငံတကာအစိုးရမဟုတ်သော INGO အဖွဲ့တစ်ခုဖြစ်သည့် ဧဒင်မြန်မာပရဟိတအဖွဲ့ထံသို့ ငွေကျပ် သိန်း ၅၈၀၀ ဖြင့် နှစ် ၆၀ ဂရန်ချထားပေးမှုကို ရပ်ကွက်နေပြည်သူများက သဘောမတူဘဲ ပြန်လည်စိစစ်ရန် တင်ပြထားကြောင်း သိရှိရသည်။
ဧဒင်မြန်မာပရဟိတအဖွဲ့သည် လူကုန်ကူးခံနေရသော အမျိုးသမီးများ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ သင်ကြားပို့ချ ကူညီနေသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမာရွတ်မြို့နယ်ရှိ အဆိုပါအဖွဲ့တည်ရှိရာနေရာသို့ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်၍ ကြည့်ရှုအားပေးမှုများ လုပ်ဆောင်ခဲ့သည်။
"အခု လိုင်းပေါ်မှာတက်နေတာ ဒေါ်အောင်ဆန်းစုကြည်က ဧဒင်ကုမ္ပဏီကိုပဲ မြေကွက်ချပေးသလိုလို တွေ ရေးနေကြတာတွေ့ရတယ်။ ဒါတွေက မဟုတ်ပါဘူး။ ဧဒင်မြန်မာဆိုတဲ့ နိုင်ငံ တကာ ပရဟိတအဖွဲ့တစ်ခုပေါ့။ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေနဲ့ ဒုက္ခရောက်ခဲ့ကြတဲ့ အမျိုးသမီးတွေကို အသက်မွေးဝမ်းကြောင်း ပညာသင်ပေးပြီး ပြန်လည် ထူထောင်ရေးလုပ်နေတဲ့ ပြည်ပ အဖွဲ့အစည်းပါ။ ကျနော်တို့က သဘောမတူတာက ရပ်ကွက်အတွက် အကျိုးရှိနေတဲ့ မြေကွက်ကို ပေးလိုက်လို့ပါ။ ဒီလို ပရဟိတအဖွဲ့ကို မြေချထားပေးတာကို ကန့်ကွက်စရာမရှိပါဘူး။ ချပေးတဲ့နေရာက ရပ်ကွက်အတွက် မရှိမဖြစ် အရေးကြီးတဲ့နေရာမို့လို့ပါ။ ဒီလိုချပေးတာကိုလည်း နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ်က သိချင်မှ သိမယ်။ ရပ်ကွက်ပြည်သူတွေကလည်း ပွင့်လင်းမြင်သာစွာ မသိလိုက်ရဘူး။ ဘယ်နေရာဘယ်အတိုင်းအတာအထိပါဝင်လဲ ဒါလည်း သေချာမသိရဘူး။ ဒါကြောင့် ရပ်ကွက်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံဆီ စာတင်ထားပါတယ်" ဟု ၄ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက်၊ သုတ ၆ လမ်းထိပ်ရှိ ကွက်လပ်မြေ ၄ ဒသမ ၉၆၂ ဧကတွင် ရေကြီးရေလျှံမှုကို ကာကွယ်ထားသည့် ရေဆိုးစစ်ထုတ်ကန် တည်ရှိပြီး ယင်းရေစစ်ကန်သည် အလျား ပေ ၃၀၀ နှင့် အနံ ပေ ၁၀၀ ရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်ဘောလုံးအားကစားကွင်းလည်း ယင်းဧရိယာ ပမာဏတွင်ပါဝင်နေကြောင်း၊ အလက ၆ စာသင်ကျောင်းနှင့် ရပ်ကွက်နေ ကျောင်းသား/ ကျောင်းသူများ အသုံးပြုနေသည့် ကျောင်းသွားလမ်း၊ ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့အတွက် သတ်မှတ်ထားရှိသည့်မြေနေရာတို့ပါဝင်နေကြောင်း သိရှိရသည်။
" နှစ် ၆၀ ဂရန်ကို ချထားပေးတာ မသိလိုက်ရဘူး။ မတ်လ ၂၀ ရက်နေ့က ချထားပေးတယ်ပေါ့။ အလုံးစုံ ပွင့်လင်းမြင်သာမှု ပျောက်တယ်ပေါ့။ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ဒါကို ချထားပေးသွားတာလဲ။ ဘယ်လိုတွေ လုပ်သွားတာလဲ။ ကျနော်တို့ပြည်သူတွေသိချင်ပါတယ်" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ ၊ ၄ ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်နှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများက ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး ယင်းရှင်းလင်းပွဲတွင် ကွက်လပ်မြေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧဒင်မြန်မာလူမှုရေးအဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ၏ ညွှန်ကြားချက်အရဟုဆိုကာ နှစ် ၆၀ ဂရန်ဖြင့် ချထားပေးခြင်းဖြစ်သည်ဟု တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်နှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပြောဆိုခဲ့ကြောင်း Eleven Media က သတင်းဖော်ပြသည်။
"အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့လူမှုရေးအဖွဲ့ကို နေရာပေးချင်တယ်လို့ ပြောပေမယ့် အောက်ခြေမှာ ဖြစ်ပျက်နေတာကို သူသိမှာမဟုတ်ဘူး။ ဒါပေမယ့် တိုင်းဒေသကြီးအဆင့်က လုပ်ဆောင်မှုမှာ ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်မှု ပျောက်လို့ အခုလို ပြဿနာတက် လာတယ်လို့ ထင်ပါတယ်။ ဆွေးနွေးဖို့နေနေသာသာ ဒေသခံပြည်သူက သိခွင့်မရလိုက်တာက အဆိုးဆုံးပါ။ ဒါက မဖြစ်သင့်ဘူး။ လူထုစိတ်ကွက်စရာဖြစ်တာ"ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ရပ်ကွက်နေပြည်သူတစ်ဦးကမူ ၎င်းတို့ဖြင့် ရပ်ကွက်အသုံးပြုသည့်မြေကို ပွင့်လင်းမြင်သာမှုဖြင့် ဆွေးနွေးပြီး လုပ်ဆောင်စေချင်သည်ဟုဆိုသည်။
"ကျနော်တို့က ရိုးရိုးလေးပဲ ဖြစ်စေချင်တာပါ။ ဒီမှာနေတဲ့ ရပ်ကွက်ပြည်သူတွေ အဆင်ပြေဖို့လည်း ထည့်စဉ်းစားစေချင်တာ" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။
ဓာတ်ပုံ- ဧဒင်မြန်မာပရဟိတအဖွဲ့ထံသို့ ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်ကြည့်ရှုအားပေးခဲ့စဉ်။
Photo Credit - MSCO
Crd :eleven

0 comments:

Post a Comment