Monday, June 29, 2020

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာအနီး လိုင်စင်မဲ့ကားတစ်စီးနှင့်အတူ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ နယ်မြေခံတပ်နှင့် ကန်စောက်ရဲကင်းစခန်းတို့မှ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များသည် ကန်စောက်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ်ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့သည်။
၎င်းယာဉ်အား ဦးထွန်းအေးမောင် ၃၅ နှစ်၊ (ဘ)ဦးမောင်သာဦး၊ ရခိုင်၊ဗုဒ္ဓ၊ အပေါက်ဝကျေးရွာနေသူမှ မောင်းနှင်လာပြီး ယာဉ်မှာ TOYOTA (Wish) အဖြူရောင် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးရမိသဖြင့် ယာဉ်ပေါ်ပါလာသူများဖြစ်သော အပေါက်ဝကျေးရွာနေ ဦးဘိုကျော်သန်း၊ ဦးအောင်နိုင်စိုး၊ ဦးဆန်းဝင်းနိုင်နှင့် ဦးမြင့်ဇော်တို့အား ဆက်လက်စစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် ဦးဘိုကျော်သန်း ကိုင်ဆောင်သည့် VIVO အနက်ရောင်ဖုန်းအတွင်းမှ ဖောက်ခွဲရေးမိုင်း ပြုလုပ်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ၎င်းကိုယ်တိုင် ဖောက်ခွဲရေးရီမု ကိုင်ဆောင်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အပေါက်ဝကျေးရွာအနီး ထောင်ထားသည့် မိုင်းနှင့် မိုင်းထောင်ထားသည့်နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓာတ်ပုံများ၊ အသက် ၃၅ နှစ်ခန့်ရှိ ကျားတစ်ဦးအား လက်ထိပ်ခတ်ဖမ်းဆီးထားသည့် မှတ်တမ်းဓာတ်ပုံများအား စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့အား ဆက်လက်စစ်ဆေးခဲ့သည်။
ဘိုကျော်သန်းအား ပဏာမစစ်ကြောမေးမြန်းချက်များအရ ၎င်းမှာ အပေါက်ဝကျေးရွာတွင် “သာလိစွ”အမည်ဖြင့် လက်ဖက်ရည်နှင့် ဘီယာဆိုင်ဖွင့်လှစ်ထားကြောင်း၊ ၎င်း၏ညီအရင်းဖြစ်သူ ကျော်စိုးဝင်း(ခေါ်)ချက်ဖူးသည် ညောင်ဦးမြို့နယ်၊ ပေါက်တောကျေးရွာနေ ဆန်းဌေးဆိုသူ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ကျော်စိုးဝင်းမှာ တပ်မတော်စစ်ကြောင်းနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း၊ ၎င်းနောက် ဆန်းဌေးနှင့် ရင်းနှီးခဲ့ကြောင်း၊ ဆန်းဌေးသည် အမည်မသိ လူ ၈ ဦးခန့်နှင့် ၎င်း၏ဆိုင်သို့ မကြာခဏလာရောက်ကြောင်း၊ ဆန်းဌေးသည် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်ဖြစ်ပြီး ၎င်းတို့အဖွဲ့သည် အပေါက်ဝကျေးရွာဝန်းကျင်၌ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်သည့်အဖွဲ့ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အပေါက်ဝကျေးရွာ၊ ဘူတာရုံအနီးတွင် တစ်ကြိမ်နှင့် အပေါက်ဝကျေးရွာ အဝင်လမ်းဘယ်ဘက်တွင် တစ်ကြိမ် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆန်းဌေးသည် ၎င်း၏ဆိုင်အတွင်းမှပင် ရီမုကိုင်ပြီး မိုင်းဖောက်ခွဲခဲ့ဖူးကြောင်း၊ ဘိုကျော်သန်းသည် အပေါက်ဝကျေးရွာအတွင်း ဖွဲ့စည်းထားသည့် ULA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် ၁၀ ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အပေါက်ဝကျေးရွာရှိ အိမ်တစ်အိမ်လျှင် ၅၀၀၀ ကျပ်နှုန်း ကောက်ခံ၍ AA အကြမ်းဖက်သောင်းကျန်းသူများထံသို့ ဖုန်းငွေဖြည့်ကတ်၊ ရိက္ခာနှင့် အဝတ်အစား အသုံးအဆောင်ပစ္စည်းများ ဝယ်ယူကာ ဖေဖေါ်ဝါရီလတွင် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာသို့လည်းကောင်း၊ မတ်လနှင့် မေလတို့တွင် ကျောက်တော်မြို့နယ် တင်းမကျေးရွာသို့လည်းကောင်း ဖုန်းဖြင့်ဆက်သွယ်၍ ၃ကြိမ်ပေးပို့ခဲ့ရကြောင်း၊ ၎င်းတို့သည် တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများကို စုံစမ်း၍ အပေါက်ဝနယ်မြေတာဝန်ခံ AA အကြမ်းဖက်သောင်းကျန်းသူ ဆန်းဌေးထံသို့ သတင်းပေးပို့ပေးရကြောင်း စစ်ကြောသိရှိရပြီး ယာဉ်ပေါ်ပါ ကျန်သူများမှာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် AA အကြမ်းဖက်သောင်းကျန်းသူ ဘိုကျော်သန်းအား အကြမ်းဖက်ဥပဒေပုဒ်မဖြင့်လည်းကောင်း၊ ယာဉ်မောင်း ထွန်းအေးမောင်အား လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိမှု၊ လိုင်စင်အတုပြုလုပ်မှု ပို့ကုန်/သွင်းကုန် အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ကျန်သူ ၃ ဦးအား ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment