Monday, June 29, 2020

ဖားကန့်တွင် ဖမ်းမိခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးကို ငွေဒဏ်ချမှတ်ပြီး နယ်နှင်ဒဏ်ပေးမည်

ဖားကန့်တွင် ဖမ်းမိခဲ့သော တရုတ်နိုင်ငံသားနှစ်ဦးကို တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ကျပ်သုံးသိန်းစီ ပေးဆောင်စေခဲ့ပြီး မကြာမီနယ်နှင်ဒဏ်ပေးမည်ဟု ဌာနဆိုင်ရာတာဝန်ရှိသူများ က ပြောသည်။
ဖားကန့်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကားများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက တားဆီးစစ်ဆေးနေစဉ် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံ သားနှစ်ဦး၊ စကားပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးကို ဇွန် ၂၅ ရက်ညနေက ဖမ်းမိခဲ့သည်။
‘‘တရားရုံးကနေ အမိန့်ချလိုက်တာ။ လမ်းမှားဝင်လို့ဆိုပြီး တစ်ယောက်ကို သုံးသိန်းစီ ချမှတ်တယ်။ မန္တလေးကနေ နယ်နှင်မယ်။ နယ်နှင်ခွင့်ပြုမိန့်တင်ထားတယ်လို့ သိရတယ်’’ဟု ဖားကန့်မြို့မှ ဌာနဆိုင်ရာ အရာ ရှိတစ်ဦးက ပြောသည်။
လေးဦးစလုံးကို လဝက အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ပြီး ဖားကန့်မြို့နယ် တရားရုံးက ဇွန် ၂၆ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံသားနှစ်ဦးကိုတော့ ပြန်လွှတ်လိုက်ပြီ။ တရုတ်တွေကိုတော့ နယ်နှင်မယ်လို့ သိရ တယ်’’ဟု ဖားကန့်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်ကပြောသည်။
လမ်းမှားဝင်လာ၍ ငွေဒဏ်သာအမိန့်ချခဲ့သည်ဆိုသည့် ဖြစ်ရပ်အပေါ် ဒေသခံများက ဝေဖန် နေကြသည်။
‘‘ဒရိုင်ဘာလည်း ပါတယ်ဗျာ။ လမ်းမှားစရာအကြောင်း မရှိဘူး။ လမ်းမှားရအောင်လည်း စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ရှိနေတာကို။ သေချာစိစစ်သင့်တယ်’’ဟု ဖားကန့်အခြေစိုက် Green Land သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးနော်လတ်ကပြောသည်။
Cdr : 7Day

0 comments:

Post a Comment